(ကရင်နီပြည်တွင် ၃ ရက်အတွင်း ဒေသခံ ၁၀ ဦးအထိသေဆုံး)
ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၆၊ ၂၀၂၄။
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်ရှိ လအိ- ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီကလေကြောင်းတိုက် ခိုက်ခဲ့သဖြင့် စစ်ရှောင် ၉ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားသည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ထံမှ သိရသည်။
ယမန်နေ့ည ၁၀ နာရီခန့်တွင် ယင်းစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးနှစ်လုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်အစွန်နေရာနှင့် စစ်ရှောင်မိသားစုတစ်စုနေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခြင်း ဖြစ်သည်။
ပေါက်ပွဲမှုကြောင့် ကျောင်းနေအရွယ် ယောက်ျားလေး ၂ နှင့် မိန်းကလေး ၄ ဦး သေဆုံးခဲ့ပြီး အသက် ၄၀ အ ထက် အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး နေအိမ် ၂၀ ပျက်ဆီးခဲ့သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု- PKPF က ယနေ့တွင်ထုတ်ပြန်ထားသည်။
“အသက် ၁၈ နှစ်အောက် ၇ ဦးနဲ့ လူကြီး ၂ ဦးသေဆုံးတယ်လို့ ကနဦး အတည်ပြုပါတယ်။ ဒဏ်ရာရသူများ တယ်။ ညပိုင်းဗုံးကြဲတော့ နီးစပ်ရာပြေးကြတယ်။ ဆေးရုံတွေ ပို့လိုက်ကြတယ်။ သေတဲ့လူလည်းသေသွားတယ်။ အဲ့လိုရုတ်ရုတ်သဲသဲဖြစ်တော့ သတင်းအချက်အလက်တွေက သေချာမရသေးတာပါ” ဟု IEC ၏ အတွင်းရေးမှူး – ၂ ဦးဗညားက ပြောသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းတွင် နေအိမ် ၁၆၇ လုံးရှိပြီး လူဦးရေ ၆၆၆ ဦးနေထိုင်ကာ ယခု ကြိမ်နှင့်ဆိုလျှင် ၇ ကြိမ်မြောက် ဗုံးကြဲခံရခြင်းဖြစ်သည်ဟု PKPF က ဆိုထားသည်။
လက်ရှိအချိန်တွင် ဒဏ်ရာရရှိသူများကို ဆေးကုသမှုပေးနေပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် လူနာများလည်းရှိသည်ဟု စစ်ရှောင်ပြည်သူများနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နှင့် ၅ ရက်တွင် စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁ ဦးသေဆုံးပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ- ချစ်ဆန်းလေး