(စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေဟု TNLA ဆို)
သံလွင်ခက်
စက်တင်ဘာလ ၆၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ကို စစ်ကောင်စီတပ်က ပေါင် (၅၀၀) ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့သဖြင့် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်အပါအဝင် ဒေသခံ ၁၁ ဦးသေဆုံးကာ ၁၁ ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
ယနေ့ နံနက် ၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က နမ့်ခမ်းမြို့ညစျေး(ပါင်ပွဲ)အနီးရှိ လူနေအိမ်များနှင့် ကျားဖြူခမ်းမအနီးကို ကြဲချခဲ့ခြင်းဖြစ်သည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ဦး၊ အမျိုးသား(၅) ဦးနှင့် အမျိုးသမီး(၄) စုစုပေါင်း(၁၁)ဦး သေဆုံးခဲ့သည်။ သေဆုံးခဲ့သူများထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပါဝင်သည်ဟု ဖော်ပြထားသည်။
ထို့အပြင် ကလေးငယ် (၂)ဦး အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၅)ဦး စုစုပေါင်း (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၆) လုံး ထိခိုက်ပျက်စီးခဲ့သည်။
တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် နမ့်ခမ်းမြို့ကို ယခုဗုံးကြဲမှုသည် PSLF/TNLA အုပ်ချုပ်သည့်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု TNLA က ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သားပစ်မှတ်များဦးတည်ကာ ပေါင် (၅၀၀) ဖြင့် နေ့စဥ်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု TNLA က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- PSLF/TNLA