မောင်ဘဦး
စက်တင်ဘာ ၅၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ အရပ်သား ၁၅ ဦးခန့်ကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့တွင် မုံရွာစီးပွားရေးတက္ကသိုလ်ဝင်းထဲမှ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သည် မုံရွာ-အရာတော်လမ်းပိုင်းတစ်လျှောက်ကို စစ်ကြောင်းထိုးလာပြီး ကျောက္ကာရွာ၊ ရေနံဖိုနှင့် ရွာတုံရွာတို့မှ အမျိုးသမီးများအပါအဝင် ဒေသခံ ၁၅ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ညအိပ် ညနေစစ်ကြောင်းထိုးလာတိုင်း အဲ့လိုတွေ ဖမ်းတယ်။ သူတို့အတွက် ထမင်းဟင်းချက်ပေးရတာတွေရှိတယ်။ ပုံမှန်ဆိုရင်တော့ သူတို့မလိုအပ်တော့လို့ ပြန်လွတ်ပေးတယ်။ အခုတော့ ဘယ်လိုဖြစ် မလဲ မသိသေးဘူး” ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါစစ်ကြောင်းသည် ယခုအခါ မုံရွာ- အရာတော်လမ်းရှိ ထူးရာရသေ့ကျောင်းတွင် ရောက်ရှိနေပြီး ဖမ်းဆီးခံရသည့် ဒေသခံ ၁၅ ဦးမှာ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပေ။
လတ်တလောတွင် ကျောက္ကာရွာအပါအဝင် ရေကန်စု၊ ရွာတုံ၊ ထနောင်းဝန်းစသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။