လှည်းကူးတွင် ယနေ့နံနက်ပိုင်း၌ တွေ့ရှိရသည့် ရိုဟင်ဂျာ ၁၃ ဦး၏ အလောင်းများပေါ်၌ ဒဏ်ရာများတွေ့ရှိရပြီး အသတ်ခံရသည့်အခြေအနေဖြစ်သည်ဟု ရိုဟင်ဂျာအရေးကူညီပေးနေသူ ရိုနေဆန်းလွင်က သံလွင်ခက်ကိုပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ဘားလားကျေးရွာအုပ်စု တပင်ရွှေထီးလမ်းမပေါ်တွင် စွန့်ပစ်ထားသည့် ရိုဟင်ဂျာ ၁၃ ဦး၏အလောင်းများကို ဒေသခံများက ယနေ့ဒီဇင်ဘာလ ၅ရက်၊ နံနက် ၈နာရီခန့်တွင် တွေ့ရှိခဲ့သည်။
အဆိုပါ ရိုဟင်ဂျာရုပ်အလောင်းများတွေ့ရှိရခြင်းနှင့်ပတ်သ က်၍ စစ်ကောင်စီဝါဒဖြန့် မီဒီယာများက အလုံပိတ်ကားဖြင့် ရန်ကုန်ကိုလိုက်လာစဥ်အသက်ရှူကြပ်သေဆုံးခြင်ဖြစ်ကြောင်း ဖော်ပြထားကြသည်။
” ကျွန်တော်ကတော့ ရန်ကုန်ဆေးရုံကြီးကို အလောင်းတွေရောက်တော့မှ သတင်းရတာပါ။ အဲဒီမှာ ကျွန်တော်နဲ့ ပတ်သက်တဲ့လူတွေရှိနေတော့ အလောင်းတွေနဲ့ ပတ်သက်ပြီး သူတို့ မြင်ရသလိုမျိုး သတင်းတွေရခဲ့တယ်။
အလောင်းတွေက စကစ ဘက်က သတင်းဖြန့်သလိုမျိုး အောက်စီဂျင်ပြတ်ပြီး သေထားတာမျိုး မဟုတ်ဘူး “ဟု စစ်ကောင်စီဘက်ကဝါဒဖြန့်ပြောဆိုနေမှုများ မဟုတ်မှန်ကြောင်း ရိုနေဆန်းလွင်က တုန့်ပြန်ပြောဆိုသည်။
ထို့ပြင်သေဆုံးသူများသည် လူငယ်အမျိုးသားများသာဖြစ်ပြီး ဒဏ်ရာများတွေ့ရှိရသည့်အပြင် အခြားမသင်္ကာစရာ အချက်များလည်းတွေ့ရှိနေခြင်းကြောင့် အသတ်ခံရသည့်အခြေအနေ ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
” သူတို့ရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေရှိတယ်။ မျက်နှာ၊ နဖူး၊ နှုတ်ခမ်းတွေမှာ ဒဏ်ရာတွေရှိသလို၊ ကျော ဘက်မှာလည်း မီးလောင်ထားတဲ့ ဒဏ်ရာတစ်ချို့၊ စစ်ဖိနပ်နဲ့ နင်းခံထားရတဲ့ ဒဏ်ရာတစ်ချို့တွေ့ရတယ်။
မျက်မြင်သက်သေတွေရဲ့ ပြောပြချက်တွေအရဆိုရင် ဒီလူတွေက အသတ်ခံရတာ။ ဒဏ်ရာဒဏ်ချက်နည်းအောင် သတ်ထားတာမျိုးပါ “ဟု ရိုနေဆန်းလွင်က ပြောသည်။
သတ်ဖြတ်ခံရသည့်ရိုဟင်ဂျာများသည်ပြီးခဲ့သောရက်သတ္တပတ် နိုဝင်ဘာလ ၂၈ရက်တွင် လှည်းကူးမြို့နယ်၌ ဖမ်းဆီးခံလိုက်ရသည့် ရိုဟင်ဂျာ ၇၀ ဦးခန့် အနက်မှဖြစ်နိုင်သည်ဟု ရိုနေဆန်းလွင်ကပြောသည်။
ဖမ်းဆီးခံရမှု၌ အမျိုးသမီးများပါဝင်သော်လည်း သေဆုံးအလောင်းများတွင် အမျိုးသားများသာဖြစ်နေခြင်းနှင့် အလောင်းအများစု၌ ပုဆိုးနှင့်ဘောင်းဘီရှည်များဝတ်ဆင်ထားမှုမရှိသည့် အခြေအနေများက သံသယဖြစ်စရာဟု ဆိုသည်။
” အမျိုးသားတွေနဲ့ အမျိုးသမီးတွေရောနှောသွားနေချိန်မှာ အမျိုးသားလူငယ် ၁၃ ဦးသာ အောက်စီဂျင်ပြတ်ပြီးသေတယ်ဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက်မဟုတ်ပါဘူး။ ပြီးတော့ တော်တော်များများ အောက်ခံ ဘောင်းဘီတွေနဲ့။
သံသယဖြစ်စရာတွေ အများကြီးရှိပါတယ်။ ကျွန်တော်ကတော့ အသတ်ခံရတယ်လို့သာ ယုံကြည်ပါတယ်” ဟု ရိုနေဆန်းလွင်ကပြောသည်။
လှည်းကူး၌တွေ့ရှိရသည့် ရိုဟင်ဂျာအလောင်းများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စစ်ဆေးနေသော်လည်း ဆေးစစ်ချက်အဖြေများကို ရိုဟင်ဂျာအရေး ကူညီနေသူများအနေဖြင့် ရရှိသိရှိရနိုင်မည်မဟုတ်ဘဲ တာဝန်ယူနိုင်မည့်သူများကို သင်္ဂြိုဟ်ခွင့်ပေးထားသည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ပြီးခဲ့သည့် အောက်တိုဘာလနှင့်နိုဝင်ဘာလအတွင်း၌ ရိုဟင်ဂျာများ မကြာခဏဖမ်းဆီးခံရပြီး လက်ရှိတွင် သတ်ဖြတ်ခံရသည့်အခြေအနေနှင့်ကြုံလာနေရသည်။
ထို့ပြင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌လည်း ရိုဟင်ဂျာများ ဖမ်းဆီးခံရခြင်း၊ အသက်ဆုံးရှုံးမှုများနှင့် မကြာခဏ ကြုံနေကြရသည်။
” စကစကို တစ်နိုင်ငံလုံးက ဝိုင်းဝန်းဖြုတ်ချပြီး လူသားဝါဒထွန်းကားတဲ့နိုင်ငံသစ်တစ်ခုတည်ဆောက်နိုင်မှသာ ကျွန်တော်တို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရမှာပါ။ အရေးကြီးဆုံးက ပြစ်ဒဏ်ကင်းလွတ်ခွင့်ရပ်ပစ်ရပါမယ်။ နိုင်ငံကြီး ပျက်စီးယိုယွင်းနေချိန်မှာ အခုလိုစကစကကျူးလွန်နေတဲ့ ရာဇဝတ်မှု တွေရပ်တန့်ဖို့ မလွယ်ပါဘူး”ဟု ရိုနေဆန်းလွင်ကပြောသည်။