အင်အား ၁၀၀ ခန့်ရှိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိ အခိုက်များစွာဖြင့် တပ်ဆုတ်ခွာသွားပြီဖြစ်သော်လည်း ထိတွေ့တိုက်ပွဲများ အချိန်မရွေးပြန်လည်ဖြစ်ပွားနိုင်သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
ကရင်နီပြည် ၊ လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာဆေးခန်းနှင့်စာသင်ကျောင်းတို့တွင် လနှင့်ချီတပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် KA နှင့် KNDF တပ်ရင်း ၂နှင့်တပ် ၁၄ တို့ပူးပေါင်း၍ နိုဝင်ဘာလ နောက်ဆုံး အပတ်အတွင်း၌ တိုက်ခိုက်ခဲ့သည်။
ပါလောင်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်မ၆၆ လက်အောက်ခံ ခမရ ၁၀၈ တပ်ရင်းတပ်ဖွဲ့များကို ကရင်နီးပူးပေါင်းတပ်များက နိုဝင်ဘာ ၂၄ ရက်တွင်သွားရောက် တိုက်ခိုက်ခဲ့သည်။
ထို့နောက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ် ဆုတ်ခွာခဲ့ပြီး ပါလောင်းရွာအရှေ့ဘက် ဒေါတယို့ ရွာသစ်နှင့်ရွာဟောင်းကြား ပြောင်းရွေ့တပ်စွဲထားခဲ့ရာ နိုဝင်ဘာ ၂၉ ရက်ထိ တိုက်ပွဲများဆက်ဖြစ်ပွားခဲ့သည်။
၅ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး စစ်ကောင်စီတပ်များ၏ လက်နက်ကြီး ပစ်ကူများကြောင့်ကရင်နီ ပူးပေါင်းတပ်မှ ရဲဘော်၆ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု KNDF B02က ထုတ်ပြန်ထား သည်။
” စစ်ကောင်စီတပ်တွေ ၆လ၊ ၇ လလောက်တပ်စွဲထားတဲ့ နေရာတွေကို ကျွန်တော်တို့ ပြန်လည်ထိန်းချုပ်ထားနိုင်တာရှိတယ်။ ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့တွေလည်း အဲ့မှာရှိနေပြီးနယ်မြေ ရှင်းလင်းရေးတွေပြုလုပ်နေလို့ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာရင် ထိတွေ့တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်ပါတယ် “ဟု KNDF တာဝန်ရှိသူကယနေ့တွင် သံလွင်ခက်ကိုပြောသည်။
လွိုင်ကော်မြို့နယ် ၅ ရက်တာတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ အရပ်သားတစ်ဦးကိုသတ်ဖြတ်ခဲ့သည့်အပြင် ပါလောင်းနှင့်ဒေါတယို့ကျေးရွာများသည် စစ်ကောင်စီ၏ ရိက္ခာပို့ဆောင်သည့်လမ်းကြောင်းဖြစ်သောကြောင့် တိုက်ပွဲများဖြစ်လာနိုင်သဖြင့် ပြည်သူများ အသွားအလာမပြုလုပ်ကြရန် KNDFက သတိပေးထားသည်။