မောင်ဆား (CJ)
စက်တင်ဘာ ၃ ၊ ၂၀၂၄။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် စားဝတ်နေရေးကြပ်တည်းမှုများကြောင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် တပိုင်တနိုင်ရွှေလက်ယက်တွင်း လုပ်ကိုင်သူများ များပြားလာသည်ဟု ဒေသခံများထံက သိရသည်။
ယခုနှစ် ရေကြီးရေလျှံဖြစ်ပွားပြီးနောက် မြစ်ကူးတံတားဖြစ်သည့် ဗလမင်းထင်တံတား မြစ်ကမ်းတစ်လျှောက်တွင် စစ်ရှောင်များအပါအဝင် ဒေသခံများ ဝင်ရောက်လုပ်ကိုင်နေကြသည်ဟု ဝိုင်းမော်မြို့နေစစ်ရှောင်တစ်ဦးက ပြောသည်။
“အခု ရေကြီးဒဏ်လည်းခံရတယ်။ တချိန်တည်းမှာဘဲ နိုင်ငံရေးကလည်း ပိုဆိုးလာတော့ မြို့ထဲနေလို့မရတော့ဘူး။ မြစ်ကြီးနားဘက်စစ်ရှောင်စခန်းမှာ လာနေရတယ်။ လုပ်ကိုင်စားသောက်ရတာ ကြပ်တည်းလာတော့တယ်။ အဲ့ဒါကြောင့် စစ်ရှောင်စခန်းကလူတွေကပါ လုပ်စရာမရှိတော့ မြစ်ရေကျသွားတဲ့ ကမ်းနားဘေးမှာ ဝမ်းစာရေးဖြေရှင်းဖို့ တစ်ပိုင်တစ်နိုင် ရွှေတူးတဲ့သူတွေများလာတယ်” ဟု ၎င်းကပြောသည်။
ထို့အပြင် ကချင်ပြည်နယ်အထက်ပိုင်း မြစ်ဆုံဒေသတစ်ဝိုက်တွင်လည်း ရေငုတ်ကျင်းရွှေတူးဖော်ခြင်း၊ လက်ယက်ကျင်းတူးဖော်ခြင်းနှင့် စက်ကြီးများဖြင့်ရွှေတူးဖော်ခြင်းများလည်း လုပ်ဆောင်လျက်ရှိသည်။
ကချင်ပြည်နယ်သည် မြေရှားသတ္တုတူးဖော်ခြင်း၊ ရွှေတူးဖော်ခြင်း၊ ကျောက်စိမ်းတွင်းလုပ်ငန်းများကို အသားပေးလုပ်ကိုင်လျက်ရှိပြီး နှစ်စဉ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်းနှင့် မိုးခေါင်ခြင်းများကို ခံစားကြရ သည်။
ဓာတ်ပုံ – ပေးပို့