ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၃၊ ၂၀၂၄။
မန္တလေးတိုင်း၊ အောင်မြင်သာစံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့ ပျက်စီးခဲ့သည်ဟု မြို့ခံတချို့ထံက သိရသည်။
ယနေ့နံနက် ၄ နာရီခန့်တွင် ၈၇ လမ်း၊ ၈ လမ်း နှင့် ၉ လမ်းကြား ဥယျာဉ်ကုန်းရပ်ကွက်ရှိ နေအိမ် ၁ လုံးပေါ်သို့ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲခဲ့ အသက် ၃၀ အရွယ်အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“အဲ့တိုက်က အခန်းငှားစားတာ။ ဝန်ထမ်းတွေနေကြပါတယ်။ အလယ်ထပ်ကိုထိတာ။ တော်တော်ပြင်းတယ်။ နံရံပေါက်ထွက်ပြီး တိုက်မှန်တွေအကုန်ကွဲထွက်ကုန်တာ။ ပထမအလုံးတွေက အိမ်ပေါ်က ဖြတ်ဖြတ်သွားတာ နောက်ဆုံးတစ်လုံးမှ ရပ်ကွက်ထဲက အိမ်ကိုထိသွားတာ” ၎င်းက ဟု ဆိုသည်။
Brave Warriors for Myanmar (BWM) အဖွဲ့၏စီမံမှုဖြင့် Shadow Mandalay အဖွဲ့သည် မန္တလေးရှိ၊ စစ်ကောင်စီ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်ခဲ့ရာ ၇ လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည်ဟု ယနေ့တွင် ထုတ်ပြန်ထားသည်။
“ထပ်စုံစမ်းသိရှိချက်အရ အဆောက်အဦး ၅ လုံး၊ စိုးဝင်းပီအေအပါအဝင် အရာရှိ ၃ ဦးအပါအဝင် ၇ ဦးသေဆုံး၊ ထိ ခိုက်ဒဏ်ရာရသူ ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။ စိုးဝင်းကိုယ်တိုင်လည်းရဟတ်ယဥ်နဲ့ နေပြည်တော်ကို ချက်ချင်းပြန် ပြေးတယ်လို့သိရပါတယ်” ဟု BWM အဖွဲ့က တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်သားများ သေဆုံးမှုနှင့်ပတ်သက်၍ သံလွင်ခက်အနေဖြင့် အတည်ပြုနိုင်ရန်ကြိုးစားဆဲဖြစ်သည်။
ယနေ့ မစ်ရှင်သည် BWM နှင့်မဟာမိတ်အဖွဲ့များက အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်ကို ဒုတိယအကြိမ်မြောက် တိုက်ခိုက် သော မစ်ရှင်ဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာကလည်း ပထမအကြိမ် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ- ပေးပို့