ခင်သရဖီဦး
ဩဂုတ် ၃၁၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် မင်းလှကျေးရွာတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်- AA တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် နေ့လည်ပိုင်းတွင် စစ်တွေမြို့မှ ၅ မိုင်အကွာရှိ မင်းလှကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို AA မှ ကြားဖြတ်တိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ထိခိုက်မှုတချို့ရှိခဲ့သည်ဟု စစ်တွေဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ကျွန်တော်တို့ သိရသလောက်တော့ အဲဒီမှာ ရွာကို နေခင်း ၂ နာရီကျော်လောက်က စစ်ကြောင်းထိုးလာတဲ့တပ်ကို AA က ကြားဖြတ်ဝင်တိုက်တယ်လို့သိရတယ်။ စစ်တပ်က သေတာတွေရှိတယ်။ ဒါကြောင့် တပ်ဆုတ်ပြီး ပြန်ပြေးသွားတယ်လို့ သိရပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုနေ့ ညနေပိုင်းတွင် စစ်ကောင်စီရေတပ်မှ ပေါက်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်များသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာမှ ဒေသခံနှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ကြိမ်ခွေမော်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ညအချိန် ငါးဖမ်းဖို့ သွားတုန်း နေဗီက ပစ်တဲ့လက်နက်ကြီးတွေ လာကျတာလို့ သိရတယ်။ နေ့တိုင်းပစ်နေတာပါပဲ။ အခုက ဒဏ်ရာရတဲ့လူတွေကို ဆေးရုံးတင်ထားတယ်လို့သိရတယ်။ ကျွန်မတို့လည်း ရွာမှာ မနေတော့ဘူး။ အတိအကျ တော့ မသိသေးဘူး” ဟု ၎င်းကဆိုသည်။
လက်တလော ပစ်ခတ်မှုများကြောင့် ပေါက်တောဒေသခံများလည်း စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်ကလည်း ရသေ့တောင်မြို့နယ် မိုးစဲကျွန်း၊ ဆားပြင်ကြီးကျေးရွာကို စစ်ကောင်စီရေတပ် မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။