သံလွင်ခက်
သြဂုတ် ၃၁၊ ၂၀၂၄။
မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမှာဖြစ်ပါတယ်လို့ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ဂျန်ရ်က ပြောဆိုလိုက်ပါတယ်။
AFP သတင်းဌာနရဲ့ “တရုတ်နိုင်ငံဘက်က TNLA ကို စစ်ဆင်ရေးရပ်တန့်ရန် တောင်းဆိုမှုရှိမရှိကို အတည်ပြုပေးနိုင်ပါ သလား။ လက်ရှိ တရုတ်-မြန်မာနယ်စပ်ဒေသ အခြေအနေဘယ်လိုရှိပါသလဲ” မေးမြန်းမှုကို အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
မစ္မတာလင်ဂျန်ရ်က “ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်က မြန်မာနိုင်ငံ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုး တက်မှုဖော်ဆောင်ရေးအတွက် အမြဲတစေ စိတ်ရင်းအမှန်ဖြင့် မျှော်လင့်ပြီး တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေး နေပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင် တဲ့အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော် ဆောင်သွားမှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်စွဲနဲ့ ရွှေလီမြို့နိုင်ငံတော် လုံခြုံရေးကော်မတီရဲ့ ပေးပို့စာတွင် တရုတ်ပြည်နယ်စပ်ဒေသ အေးချမ်းတည်ငြိမ်ရေးနဲ့ တရုတ်နိုင်ငံသားအသက်၊ ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိစစ်ရေး အပြုအမူကို ပပျောက်အောင် ဆောက်ရွက်ရမယ်။ မဟုတ်ပါက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေအားလုံးကို ကိုယ်တိုင်တာဝန်ယူရမယ်ဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံနဲ့အတူ ငြိမ်းချမ်းရေးမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ကာ ကွဲလွဲမှုတွေကို ညှိနှိုင်းဖြေရှင်းရန်အတွက် အမြန်ဆုံးပူးပေါင်းမယ်လို့ မျှော်လင့်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီပေးပို့စာနဲ့ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA အနေနဲ့ ဗဟိုကော်မတီတွင် ဆွေးနွေးလျက်ရှိပြီး တန့်ပြန့်ရန်မရှိသေးလို့ TNLA သတင်း၊ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက သံလွင်ခက်ကို ယမန့်နေ့က ဖြေဆိုထားပါတယ်။
ပုံစာ – နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး မစ္စတာလင်ဂျန်ရ်။