( ပေးပို့စာအပေါ် TNLA ဗဟိုကော်မတီ ဆွေးနွေးနေ )
ထွယ်
ဩဂုတ် ၃၀၊ ၂၀၂၄။
တရုတ်နိုင်ငံအနေဖြင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ကို ပေးပို့သည့် စာမှန်ကန်ပါက တရုတ်သည် ၎င်းတို့ချမှတ်ထားသည့် မူဝါဒကို ကိုယ်တိုင်ဘော်ကျော်ပြောဆိုခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သံလွက်ခက်ကို ပြောသည်။
“TNLA ရဲ့ ပါဝင်ပတ်သတ်မှုနဲ့ တရုတ်ရဲ့ ဩဇာအာဏာလွမ်းမိုးမှုက တရုတ်က သူများကြားမဝင်ဘူးဆို တဲ့ သူတို့ရဲ့မူကို ဘောင်ကျော်လာပြီလို့မြင်တယ်။ သူတို့ရဲ့ အချုပ်အခြာအာဏာရယ်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ ကိုယ်ပိုင်ရပ်တည်ခွင့် အဲ့သဘောတရားပါဝင်မှုကျော်သွားတဲ့ သဘောမျိုးရှိတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်မှစပြီး ၃ ရက်အကြာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က မြန်မာ- တရုတ်နယ်စပ်တွင် ကြည်းတပ်နှင့်လေတပ် စစ်ရေးလေ့ကျင့်နေသည့်အချိန်၌ ယခုကဲ့သို့ ကြော်ညာချက်ထွက်ပေါ် ခဲ့ခြင်းဖြစ်သည်။
ယင်းကြော်ညာချက်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ရွှေလီမြို့နိုင်ငံတော်လုံခြုံရေးကော်မတီက TNLA တပ်မတော်ကို ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသည့် တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန်အပါအဝင် တရုတ်ပြည်နယ်စပ်ဒေသအေးချမ်းတည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသားတို့၏ အသက်၊ ပစ္စည်း ဥစ္စာလုံခြုံရေးကိုထိခိုက်စေပြီး အန္တရာယ်ရှိ စစ်ရေးအပြုအမူကို ပပျောက်အောင် ဆောက်ရွက်ရမည်ဟု ရေးသားထားသည်။
ထို့အပြင် ရပ်တန့်မှုမရှိပါက ဖြစ်ပေါ်သည့်အကျိုးဆက်များ အားလုံးကို ကိုယ်တိုင်တာဝန်ယူရမည်ဖြစ်သည်ဟု ရေးသားထားသည်။
ဒေါက်တာစိုင်းကြည်ဇင်စိုးက “သူတို့အနေနဲ့ ဖြစ်စေချင်တာကို ပြောလို့ရတယ်၊ ဟိုဟာလုပ် ဒီဟာလုပ်ဆိုတာကိုတော့ သူတို့ ပြောလို့မရဘူး။ အခုက အဲလိုပြောတဲ့ပုံ ဖြစ်နေတယ်” ဟု ဆိုသည်။
ယင်းကြော်ငြာချက်နှင့်ပတ်သက်၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA ကို တရားဝင်ပေးပို့လာသည့် စာဖြစ်သည်ဟု TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက သံလွင်ခက်ကို ပြောသည်။
“မှန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်မတို့ ဗဟိုကော်မတီက ဆွေးနွေးနေပါတယ်။ လောလောဆယ်တော့ ဘာမှတုန့်ပြန်ဖို့ မရှိသေးပါ” ဟု ၎င်းက ဆိုသည်။
၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းတွင် တရုတ်၏ကြားဝင်ဖြန်ဖြေမှုဖြင့် ယခုနှစ်ဇန်နဝါရီလဆန်းပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ကြား “ဟိုင်ဂင်သဘောတူညီချက်” ထွက်ပေါ်လာပြီးနောက် ရှမ်းမြောက်တွင် တိုက်ပွဲများရပ်တန့်ခဲ့သည်။
ထို့နောက် စစ်ကောင်စီသည် ဟိုင်ဂင်စာချုပ်ပါ အချက်များအတိုင်း ကတိမတည်သဖြင့် ဇွန်လ ၂၅ ရက် က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် TNLA ကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ဖြစ်သည်။
ပုံစာ – ဩဂုတ် ၁၄ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ခေါင်းဆောင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။