ထွယ်
ဩဂုတ် ၃၀၊ ၂၀၂၄။
ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၏ အနောက်ဘက် တစ်မိုင်ခန့်အကွာ၊ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ကုက္ကိုဇီးကြီးကျေးရွာတွင်ရှိသည့် စစ်ကောင်စီ၏ အမြန်လမ်းလုံခြုံရေးတပ်စခန်းတစ်ခုကို ယမန်နေ့ညနေ ၄ နာရီခွဲခန့်က နွားထိုးကြီး – PDF က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု တာဝန်ရှိသူထံက သိရသည်။
အဆိုပါတပ်စခန်း ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး တပ်မ (၉၉) က ဗိုလ်ကြီးဝေဖြိုးသူနှင့် တပ်သားတစ်ဦး ကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု နွားထိုးကြီး – PDF ၏ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“အမြန်လမ်းလုံခြုံရေးတပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့တယ်။ စခန်းလည်း သိမ်းဆည်းရမိလိုက်တယ်။ စကစဘက်က ၅ ဦးသေပြီးတော့မှ ၂ ဦးအရှင်မိတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်၏ အမြန်လုံခြုံရေးတပ်စခန်းကို မြင်းခြံခရိုင်တပ်ရင်း ၄ နှင့် တပ်ရင်း ၁၀ မှ နွားထိုးကြီး – PDF တပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် မိနစ် ၂၀ ခန့်ရှိကာ သေနတ် ၇ လတ်နှင့် ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ်လ ၂၀ ရက်ကလည်း မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ခဲယမ်းအချို့ကို သိမ်းဆည်းရယူကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။