သံလွင်ခက်။
ဩဂုတ် ၃၀၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံ အကြမ်းဖက် လက်နက်ကိုင် များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသော ပြည်သူ ၂,၆၀၀၀ နီးပါးကို အာရက္ခတပ်တော်- AA က ကယ်ထုတ်ထားနိုင်ခဲ့သည်ဟု AA က ယမန်နေ့တွင် ထုတ်ပြန်သည်။
မောင်တောမြို့တွင်းမှ ခုခံစစ်ဆင်နွှဲနေခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့လက်နက်တပ်ဆင်ပေးထားသည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ အပြင် ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များနှင့် အာရက္ခတပ်တော်တို့ ကြား ယနေ့အချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးလျက်ရှိသည်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲများအတွင်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရသည့် ဒေသခံပြည်သူများ အသက်ဆုံးရှုံးမှု မဖြစ်ရအောင် အထူးသတိထားဆောင်ရွက်နေသည်ဟု အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုသည်။
“မောင်တောမြို့ နေရာတချို့မှာ ဒေသခံပြည်သူတွေကို လူသားဒိုင်းကာလုပ်ပြီးတော့မှ ခုခံနေတဲ့အတွက်ကြောင့်မို့ တိုက် ပွဲတွေကတော့ ဆက်လက်ရှိနေတုန်းဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒေသခံပြည်သူတွေ အထူးသဖြင့်တော့ မူဆလင်အကြမ်းဖက်အဖွဲ့တွေက လူသားဒိုင်းကာ လုပ်ထားတဲ့ ဒေသခံပြည်သူတွေ အသက်ဆုံးရှုံးမှုတွေ မဖြစ်ရအောင် အထူးသတိထားပြီးတော့မှ ရှင်းထုတ်နေရတာဖြစ်ပါတယ်” ၎င်းက ဆိုသည်။
မောင်တောမြို့အတွင်း စစ်ကောင်စီ၏ခံစစ်နေရာအများစုအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားခဲ့ပြီး ထွက်ပြေးနေကြသော စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံတပ်ဖွဲ့ဝင်များအား တိုက်ခိုက်လျက်ရှိသောကြောင့် မြို့တွင်း၏ နေရာအချို့ တွင် တိုက်ပွဲဆက်လက်ဖြစ်ပွါးနေသည်ဟု AA က ထုတ်ပြန်ထားသည်။
ထို့ပြင် ဩဂုတ် ၂၈ ရက်တွင် စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံတပ်ဖွဲ့ဝင်များသည် မောင်တောမြို့ပြင်၌ တစ်ခုတည်း ကျန်ရှိနေသော နခခ (၅) စခန်းအတွင်းသို့ ဆုတ်ခွာသွားပြီး အဆိုပါစခန်းမှ လက်နက်ကြီးများအပြင် ဓာတုအဆိပ် ဓာတ်ငွေ့များပါသော ဗုံးများ အသုံးပြု၍ တိုက်ခိုက်ခြင်းများကိုပြုလုပ်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
ပုံစာ – မောင်တောမြို့တွင်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသော ပြည်သူကို AA တပ်ဖွဲ့ဝင်များ ကယ်ထုတ်နေသည့်မြင်ကွင်း။