သံလွင်ခက်။
ဩဂုတ် ၃၀၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ အမြောက်တပ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။
နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ်စခန်း (၂)ခု ဖြစ်သည့် အမတ (၄၀၆)နှင့် အမတ (၂၀၆)တို့ကို သြဂုတ်လ(၂၈)ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ပြင် သြဂုတ်လ(၂၉)ရက်တွင်လည်း တောင်ခမ်းရွာရှိ စစ်ကောင်စီ (၉၀၂) တပ်စခန်း၊ ၃၄၅ တပ်စခန်းအနီးတဝိုက် နှင့် မကျီးရေရွာဘုန်းကြီးကျောင်းတို့တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွါးလျက်ရှိသည်ဟု TNLA က ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်ပွားလျက်ရှိသော (၉၀၂) တပ်စခန်းကိုစစ်ကောင်စီတပ်က Y12 ဖြင့် (၃)ကြိမ် ၊ ဗုံး (၁၅၀) လုံး၊ တောင်ရွှေရွာအား Jet Fighter ဖြင့် (၁)ကြိမ်နှင့် သကြားစက်ရုံအား (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။