သံလွင်ခက်
သြဂုတ် ၂၉၊ ၂၀၂၄။
ပဲခူးတိုင်းအနောက်ပိုင်း၊ လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ရာ တပ်ရင်းမှူးတစ်ဦးအပါအဝင် စစ်သား ၂၀ ကျော်သေဆုံးခဲ့သည်ဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက် ညနေပိုင်းတွင် တောင်တန်းမြိုင်ကျေးရွာအနီးတွင် အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တစ်နာရီကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းပြီး တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်များဘက်က ရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံးခဲ့သည်ဟု ဖော်ပြ ထားသည်။
စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်များအနီး သွားလာနေထိုင်မှုများ မပြုလုပ်ကြရန် အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တပ်ခွဲ ၂၊ တပ်ခွဲ ၃၊ တပ်ခွဲ ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ သာယာဝတီဂဠုန်တပ်ဖွဲ့၊ မိုးညိုမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့