ယမင်းဖူးပွင့်အောင်
ဩဂုတ် ၂၈၊ ၂၀၂၄။
စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်မှုများကြောင့် အခုနှစ် ၆ လတာအတွင်း အရပ်သား ၄၉၉ ဦးသေဆုံးပြီး ၄၆၄ ဦး ဒဏ်ရာရခဲ့သည်ဟု မြန်မာ့ပြည်တွင်းပဋိပက္ခများကို လေ့လာဆန်းစစ်နေသည့် Data For Myanmar အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းအတွင်း တစ်လလျှင်ပျှမ်းမျှအနေဖြင့် အရပ်သား ၇၁ ဦးသေဆုံးပြီး ၆၆ ဦး ထိခိုက်ဒဏ်ရာရနေသည်ဟု ဖော်ပြထားသည်။
အရပ်သားသေဆုံးမှုများသည် စစ်ကောင်စီတပ်ဖွဲ့များကြောင့် ၄၂၈ ဦး၊ တော်လှန်ရေးအဖွဲ့ အစည်းများကြောင့် ၂၀ ဦး၊ ပျူစောထီးအဖွဲ့များကြောင့် ၉ ဦး၊ ကူကီးတပ်ဖွဲ့ကြောင့် ၄ ဦးသေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
အရပ်သားသေဆုံးသူ စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းသည် အရပ်သားများကိုပစ်မှတ်ထားသတ်ဖြတ်ခြင်းနှင့် အဝေးမှပစ်ခတ်တိုက်ခိုက်သည့် ပေါက်ကွဲစေသည့်လက်နက်များကြောင့်ဖြစ်ပြီး မြင်းမူ၊ မုံရွာ၊ ရွှေဘိုမြို့နယ်များတွင် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ သိသိသာသာများသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ကလေးခရိုင်တွင် ၁၁၅ ဦး၊ မုံရွာခရိုင်တွင် ၆၅ ဦး၊ ရွှေဘိုခရိုင်တွင် ၁၀၈ ဦး၊ စစ်ကိုင်းခရိုင်တွင် ၆၁ ဦးနှင့် အဆိုပါ ခရိုင်လေးခုတွင် သေဆုံးသူ ၃၄၉ ဦးရှိခဲ့ပြီး အခြားခရိုင်များထက် သေဆုံးမှုသိသိသာသာများသည်ကို တွေ့ရှိရသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားနေစဉ် ထိမှန်သေဆုံးခြင်း၊ အရပ်သားအချင်းချင်း/ရာဇဝတ်ဂိုဏ်းများနှင့် အခြားကျူးလွန်သူကို အတည်မပြုနိုင်သည့် ဖြစ်စဉ်ကြောင့် သေဆုံးသူ ၃၈ ဦးရှိခဲ့သည်။
အရပ်သားသေဆုံးမှုတွင် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသားများသေဆုံးမှုအရေအတွက်မှာ စုစုပေါင်း၏ ၅၈ ရာခိုင်နှုန်းနှင့် အများဆုံးဖြစ်ပြီး အသက် ၁၈ နှစ်နှင့်အထက် အမျိုးသမီးသေဆုံးမှုက ၂၃ ရာခိုင်နှုန်းနှင့် ဒုတိယအများဆုံးဖြစ် ကာ အမျိုးသမီးနှင့်ကလေးငယ်သေဆုံးမှုဦးရေက ၁၅၉ ဦးနှင့် ၂၁ ရာခိုင်နှုန်းဖြစ်သည်ဟု ဖော်ပြထားသည်။
ပုံစာ- ရွှေဘိုမြို့နယ်ကုန်းကြီးရွာကို ၂၀၂၃ ဇူလိုင်တွင် စစ်ကောင်စီက မီးရှို့ခဲ့စဉ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး။