ခင်သရဖီဦး
ဩဂုတ် ၂၈၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်ကောင်စီ၏တစ်ခုတည်းကျန်ရှိနေသေးသည့် မောင်ရွှေလေးရေတပ်မှာ အာရက္ခတပ်တော်- AA ထံ အလံဖြူထောင်ပြီး လက်နက်ချအညံ့ခံခဲ့သည်ဟု AA နှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်က မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော် AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဗိုလ်မှူးဖြိုးမောင်မောင်အပါအဝင် (၅) ဦးသေဆုံးခဲ့ပြီး ယနေ့ ဩဂုတ်လ (၂၈) ရက်တွင် အလံဖြူထောင်ခဲ့ခြင်း ဖြစ်သည်။
“မောင်ရွှေလေးရေတပ်ကို AA က ရှော့တိုက်ဒုံးနဲ့ ပစ်လိုက်လို့ ဗိုလ်မှူးဖြိုးမောင်မောင်နဲ့ နောက်ထပ် လေးယောက်သေတယ်။ ဩဂုတ် ၂၅ ရက်နေ့ကတော့ နှစ်ဖက်အပြန်အလှန်လက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ ဒီနေ့ကျတော့ ကျသွားတယ် လို့ သိရတယ်၊ အလံဖြူထောင်ပြီး လက်နက်ချ အဖမ်းခံတာတွေရှိတယ်ပေါ့” ဟု AA နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အာရက္ခတပ်တော်- AA အနေဖြင့် တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပေ။ သတင်းအတည်ပြုချက်ရယူရန် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို သံလွင်ခက်က မေးမြန်းနေဆဲဖြစ်သည်။
AA အနေဖြင့် သံတွဲမြို့တွင် တပ်စခန်းများအားလုံး၊ ငပလီ မဇင်လေဆိပ်၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုတို့ကို သိမ်းပိုက်ရရှိထားသည်။
သံတွဲမြို့နယ် မောင်ရွှေလေးရေတပ်နှင့် ဂွမြို့နယ် ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာအနီးတို့တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး စစ်သင်္ဘော ၈ စီးဖြင့် ရေကြောင်းမှ တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လက်နက်၊ လူအင်အားဖြည့်တင်းနေခြင်း၊ ရေတပ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဩဂုတ်လ (၂၆) ရက်က အာရက္ခတပ်တော် AA က ထုတ်ပြန်ခဲ့သည်။
ပုံစာ – ဖေဖော်ဝါရီလက အာရက္ခတပ်တော်မှ သိမ်းဆည်းရမိသည့် စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီးကိုတွေ့ရစဉ် (ပုံအဟောင်း)။ ဓာတ်ပုံ- AA Info Desk