သံလွင်ခက်။
ဩဂုတ် ၂၇ ၊ ၂၀၂၄။
၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထားသည့် မြို့များတွင် လက်တလော ကာလ အုပ်ချုပ်ရေးလုပ်ငန်းများကို PSLF/TNLA မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၅ ၌ အရပ်သားများပါဝင်သော ပူးတွဲစီမံအုပ်ချုပ်သည့် အစိုးရ ပေါ်ပေါက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ထပ်မံသိမ်းပိုက်ရရှိသည့်မြို့များတွင် အုပ်ချုပ်ရေးယန္တရားပြန်လည် လည်ပတ်နိုင်ရန် လူထုဖြင့် တွေ့ဆုံချိန်၌ ဗိုလ်ချုပ်တားဘုန်းကျော်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
” လတ်တလော ကာလအတွက် အုပ်ချုပ်ရေးလုပ်ငန်းများကို PSLF/TNLAမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်၌ ကြားကာလ တော်လှန်ရေးအစိုးရ၊ PSLF/TNLA နှင့် အရပ်သားများ ပူးပေါင်းပြီး အုပ်ချုပ်ရေးလုပ်ငန်း ပူးတွဲစီမံအုပ်ချုပ်သည့် အစိုးရ ပေါ်ပေါက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ” ပြောကြားခဲ့ခြင်းဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့် ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်စသည့်မြို့များသို့ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဗဟို အထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ်တို့အဖွဲ့မှ သြဂုတ်လ (၁၅)ရက်မှ (၁၈)ရက်အထိ (၄)ရက်ကြာ သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ခရီးစဉ်အတွင်း သိမ်းပိုက်ရရှိထားသည့် တပ်စခန်းနှင့် အစိုးရဆိုင်ရာဌာနရုံးများ၊ အုပ်ချုပ်ရေးရုံးများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများအား သွားရောက်ခဲ့ပြီး မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တွင် လူထုတွေ့ဆုံမှုပါ ပြုလုပ်ခဲ့ကာ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ ပြန်လည် လည်ပတ်နိုင်ရေးအတွက် မြို့ခံပြည်သူလူထုအား ရှင်းလင်းခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်အရသိရသည်။
တွေ့ဆုံပွဲ၌ ဗိုလ်ချုပ် တားဘုန်းကျော်က မြို့သိမ်းတိုက်ပွဲဆင်နွှဲရသည့်အကြောင်း၊ PSLF/TNLA ၏ တော်လှန်ရေးလုပ်ငန်း ရည်ရွယ်ချက်နှင့် အဖွဲ့အစည်း၏ မူပေါ်လစီများကို ရှင်းလင်းတင်ပြပြီးနောက် မိုးမိတ်မြို့နယ်အတွင်း ပြန်လည်တည်ငြိမ်ရေးနှင့် ဒေသတွင်း အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ပြည်သူလူထုများ၏ အခြေခံဝန်ဆောင်မှုဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးတို့ အမြန်ဆုံး ရရှိရေးအတွက် ဆောင်ရွက်လိုကြောင်းနှင့် လိုအပ်နေသည့် ကျွမ်းကျင်ဝန်ထမ်းများကို မြို့နယ်အတွင်းရှိ CDM ဝန်ထမ်းများအား ဖိတ်ခေါ်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားခဲ့သည်။