သံလွင်ခက်။
ဩဂုတ် ၂၇ ၊ ၂၀၂၄။
စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က ဒေသခံအမျိုးသား(၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ယနေ့တွင် ထုတ်ပြန်သည်။
ယနေ့ ဩဂုတ်လ ၂၇ ရက် နံနက် ၁ နာရီမှ ၂ နာရီကျော်အချိန်ထိ စစ်ကောင်စီတပ်က သီပေါမြို့ကို Y-12 လေယာဉ် ၊ ဂျက်ဖိုက်တာများဖြင့် ဗုံးအလုံးရေ ၅၀ ကျော် လာရောက်ကြဲချခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့ အုတ်ကျင်းရပ်ကွက်ရှိ အသက် (၆၀) နှင် ( ၅၀ )အရွယ် အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
ထို့အပြင် အုတ်ကျင်းရပ်ကွက်ရှိ အ.မ.က(၃) စာသင်ကျောင်း(၁)ကျောင်း၊ အမှတ်(၃) အ.ထ.က စာသင်ကျောင်း (၁)ကျောင်းနှင့် ပန်းတိမ်တောင်(မြောက်) ရပ်ကွက်အတွင်းသို့ ဗုံးများကျရောက်ပေါက်ကွဲခဲ့သည့်အတွက် စာသင်ကျောင်းများ၊ နေအိမ်များ ထိမှန်ပျက်စီးခဲ့သည်။
ဇူလိုင်လ (၁၉) ရက်မှ သြဂုတ်လ (၁၉) ရက်အထိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊လေကြောင်းတိုက်ခိုက်မှု တို့ ကြောင့် သီပေါမြို့က အရပ်သား ( ၁၉ )ဦးသေဆုံးကာ (၁၉ ) ဦးဒဏ်ရာရခဲ့ပြီး နေအိမ် (၁၁၀ )ခန့်ပျက်စီးခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီကို ဘက်ပေါင်းစုံက အရေးယူမှုများ ပြုလုပ်နိုင်မှသာလျှင် ယခုကဲ့သို့ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် လုပ်ရပ်များကို ဟန့်တားနိုင်မည်ဖြစ်သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က သံလွင်ခက်သတင်းဌာနကို ပြောသည်။
” အဓိက စစ်ကောင်စီတပ်ကတော့ သူတို့ စစ်မနိုင်တိုင်း ဒီလိုမျိုး ပြည်သူတွေကို မဲပြီးတော့ ပစ်လေ့ပစ်ထရှိတယ် လုပ်လေ့လုပ်ထရှိတယ်။ ဒီအရာတွေကတော့ စစ်ကောင်စီကို မဖြုတ်ချမနိုင်ခြင်း စစ်ကောင်စီကို ဘက်ပေါင်းစုံကနေ အရေးယူမှု မလုပ်နိုင်ရင် ဒီလိုမျိုးကြုံတွေ့နေရမှာဆိုတော့ အမြန်ဆုံးစစ်ကောင်စီပြုတ်ကျသွားဖို့အတွက် ကြိုးစားကြရမယ် ” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဩဂုတ် ပထမအပတ်ကစလို့ TNLA ပူးပေါင်းတပ်များက သီပေါမြို့ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်မြို့ကို ထိန်းချုပ်ထားနိုင်ကာ မြို့ပြင်ရှိ စစ်ကောင်စီတပ်များဖြစ်သော ခလရ(၂၃)၊ ခမရ(၅၀၃)၊ (၅၀၄) တပ်ရင်းများသာ ကျန်ရှိတော့သည်ဟု စစ်ရေးနီးစပ်သူများထံက သိရသည်။
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ( ဓာတ်ပုံ – PSLF/TNLA )