သံလွင်ခက်။
ဩဂုတ် ၂၇ ၊ ၂၀၂၄။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်မှုကြောင့် ဦးဇင်း ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ကျောင်းသား ၅ ဦးအပါအဝင် ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ယမန်နေ့၌ ထုတ်ပြန်သည်။
ဩဂုတ်လ ၁၇ ရက်မှ ၁၉ ရက်နေ့များတွင် ဖြူးမြို့အရှေ့ လိပ်ပေါက်ကျေးရွာ အနီး၌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်များနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခမရ−၄၃၉ တပ်ရင်းမှ ကုန်းအင်းတောင်ကျေးရွာ၊ ကုန်းအင်းအနောက်ကျေးရွာ၊ ကုန်းအင်း အရှေ့ကျေးရွာ၊ ဆက်ကုန်းကျေးရွာ ၊ဆင်တဲကုန်းကျေးရွာနှင့်သပြေခင်ကျေးရွာ များထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက် ညနေ ၄ နာရီကျော် အချိန်တွင် စစ်ကောင်စီ တပ် ခမရ−၄၃၉ တပ်ရင်းမှ ပစ်ခတ်ခဲ့သော လက်နက်ကြီးများသည် အိမ်ပင်သာကျေးရွာရှိ ဘုန်းကြီးကျောင်းပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဇင်း ဦးဥက္ကံာသသည် ဦးခေါင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသခံယူစဉ်၌ ပျံလွန်တော်မူခဲ့သည့်အပြင် ကိုရင် ရှင်ပုည နှင့် ရွာသားတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် ဩဂုတ်လ (၂၁) ရက် နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီ တပ် ခမရ−၅၉၉ တပ်ရင်းမှ ၁၂၀မမ လက်နက်ကြီး (၂)လုံးကို ကျွန်းတောကျေးရွာအတွင်းသို့ ပစ်ခတ် ခဲ့ရာ ကျေးရွာစာသင်ကျာင်းဝိုင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသားကျောင်းသူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ပုံစာ − စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် ပျက်စီးဆုံးရှုံးမှုများ။( ဓာတ်ပုံ – KNU )