သံလွင်ခက်။
ဩဂုတ် ၂၇၊ ၂၀၁၄။
ရခိုင်ပြည်နယ်၊ မောင်တောမြို့သိမ်းတိုက်ပွဲအား ဆက်လက် ဆင်နွှဲလျက်ရှိသောကြောင့် မောင်တောမြို့အတွင်း၌ တိုက်ပွဲများ ယနေ့အထိ ဆက်လက်ဖြစ်ပွါးလျက်ရှိသည်ဟု အာရက္ခတပ်တော် AA က ယမန်နေ့တွင် ထုတ်ပြန်သည်။
မောင်တောမြို့၊ အမှတ် (၂) ရပ်ကွက်၊ (ဖေဇီရွာ နှင့် မောင်နီရွာ) အတွင်းမှ အဆင့်ဆင့်ခုခံစစ်ဆင်နွှဲနေခဲ့သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး ၎င်းတို့လက်နက် တပ်ဆင်ပေးထားသည့် မူဆလင် လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ ARA တပ်ဖွဲ့ဝင်များ၏ ခံစစ်နေရာ အများစုအား AA က တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်သည်ဟု AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဩဂုတ်လ ၂၄ ရက်မှ ၂၆ ရက် သုံးရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းလက်အောက်ခံ တပ်ဖွဲ့ဝင် (၁၀၀) ကျော်အား မြေမြှုပ်ပေးနိုင်ခဲ့ပြီး သုံ့ပန်းအချို့ကိုလည်း မောင်တော မြို့တွင်း၊ မြို့ပြင်များမှ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်ပြိုင်နက်တည်းတွင် လက်နက်ကိုင်ပြီး ထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်း၏ လက်ကျန်ခံစစ်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် မောင်တောမြို့၏ အခြားနေရာအချို့ ၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေဆဲဖြစ်သည်ဟု AA က ထုတ်ပြန်ထားသည်။