ထွယ်
ဩဂုတ် ၂၄၊ ၂၀၂၄။
စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် – KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပြင်းထန်စွာ ပစ်ခတ်လျက်ရှိသည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် မြို့တွင်းရှိ တပ်စခန်းကုန်းကို ဩဂုတ်လ ၁၆ ရက်ကတည်းက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်နေသည်မှာ ၉ ရက်ခန့် ရှိပြီဖြစ်သည်။
“နေ့တိုင်း အပြင်းအထန်ပဲ၊ လေယာဉ်ကလည်းကြဲပါ့ ဂျတ်ဖိုက်တာ တစ်ဂျိမ်းဂျိမ်း၊ အင်းတော်မြို့နဲ့အနီးတဝိုက်ကို ကြဲတာ” ဟု ရှေ့တန်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့ပြင် တိုက်ပွဲပြင်းထန်နေသည့် အင်းတော်မြို့ကို စစ်ရေးလမ်းကြောင်းအရ ကာထားသည့် နဘားတပ်စခန်းကိုလည်း KIA နှင့် ပူးပေါင်းတပ်က ဩဂုတ်လ ၁၇ ရက်တွင် အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့သည်။
KIA နှင့် ပူးပေါင်းတပ်သည် ယခုရက်သတ္တပတ်အတွင်း ကချင်ပြည်နယ်စပ် စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်အပါအဝင် ထီးချိုင့်မြို့နယ်နှင့် ပင်လည်မြို့နယ်တို့ကိုလည်း တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သည်လည်း ၎င်းတို့ တပ်စခန်း လက်မလွှတ်ရရေးအတွက် လေကြောင်းဖြင့် နေ့စဉ် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
ပုံစာ – ဩဂုတ် ၁၇ ရက်တွင် နဘားတပ်စခန်းကို KIA နှင့် ပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် မြင်ကွင်း။