သံလွင်ခက်။
ဩဂုတ် ၂၄ ၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး သေဆုံးခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ယနေ့တွင် သတင်းထုတ်ပြန်သည်။
ဩဂုတ်လအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့များ ရှိသည့် နေရာများသို့ စစ်ကောင်စီ နှင့် လက်အောက်ခံ PNOပြည်သူ့စစ်က စစ်ကြောင်းထိုးခဲ့သည့်အတွက် တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးသေဆုံးခဲ့ပြီး လက်နက်ငယ် ၁၄ လက်၊ ၆၀ မမ ပြောင်းတို ၁ လက် နှင့် ဒရုန်း ၂ စင်း သိမ်းဆည်းရမိခဲ့သည်ဟု PNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီ နှင့် လက်အောက်ခံPNOပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် ဆီဆိုင်မြို့နယ် မီရဲ့ကျေးရွာနှင့် ထီရီးပွဉ်ရင်း ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် အကြိမ် ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၄ အိမ် မီးလောင်ပျက်စီးခဲ့သည့်အပြင် ဒေသခံ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၁ ဦးသေဆုံးခဲ့ရသည်။
ထို့ပြင် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ပေါင် ၃၀၀ ဗုံးများ အသုံးပြုကာ ပအိုဝ်းကျေးရွာများကို တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု PNLA က ထုတ်ပြန်ထားသည်။
ထို့အပြင် ဆီဆိုင်မြို့နယ် ပန်အောင်ကျေးရွာကို စစ်ကောင်စီနှင့် PNO တပ်ဖွဲ့ဝင်များက လက်နက်ကြီး ပစ်ခတ်မှုပြုလုပ်ခဲ့သဖြင့် ပန်အောင်ကျေးရွာဒေသခံ မွိုးစွန် အသက် ၄၀ နှစ်သည် လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရသည်။ မွိုးစွန်၏သား အသက် ၃ နှစ်အရွယ် ကလေးငယ်သည်လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ထိုကဲ့သို့ စစ်ကောင်စီနှင့် လက်အောက်ခံPNOပြည်သူ့စစ်အဖွဲ့ဝင်များ၏ လက်နက်ကြီများ လေယာဉ်များ အသုံးပြုတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စားနပ်ရိက္ခာ အမိုးအကာ အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသည်ဟု PNLA ကထုတ်ပြန်ထားသည်။
ပုံစာ – PNLA တည်ထောင်ခြင်း ၁၇ နှစ်ပြည့် အခမ်းအနားတွင် မြင်တွေ့ရသည့် PNLA တပ်ဖွဲ့ဝင်များ။
ဓာတ်ပုံ – PNLA