သံလွင်ခက်။
ဩဂုတ် ၂၄ ၊ ၂၀၂၄။
မြို့ရိုး ပြန်လည် တည်ဆောက်ရေးအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပဲခူးတိုင်း၊ တောင်ငူမြို့ကို ယမန်နေ့တွင် သွားရောက်ခဲ့သည်။
စစ်ခေါင်းဆောင်က တောင်ငူမြို့ရိုးနှင့် ကေတုမတီနန်းတော်ရာ ပြန်လည်တည်ဆောက်ရေးအတွက် တောင်ငူမြို့ကို လာရောက်ခဲ့ခြင်းဖြစ်သည်ဟု တောင်ငူမြို့၊ နယ်မြေခံလေတပ်စခန်းဌာနချုပ် အစည်းအဝေး ခန်းမတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြို့ရိုးနှင့်ပတ်သက်၍ တူးဖော်သုတေသနပြုလုပ်ငန်းများ ဆောင်ရွက် ရာတွင် ကျွမ်းကျင်သူများဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ မြို့ရိုးများ၊ မြို့ရိုး ဝင်ပေါက်များနှင့်တံတားများကို ပြန်လည်ပြုပြင်ထိန်းသိမ်းတည်ဆောက်မှုများ ပြုလုပ် ရာတွင် ဖြစ်နိုင်ဖွယ်ရာအချက်အလက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျုံးနှင့်တံတားများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် မြို့ရိုးများ၊ နန်းတော်ရာနေရာများကို တစ်ဆင့်ပြီးတစ်ဆင့်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုသည်ဟု စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။
အဆိုပါ တောင်ငူခရီးစဉ်တွင် စစ်ခေါင်းဆောင်အပြင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး ၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့လည်း ပါဝင်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်တွင်လည်း လူမှုကွန်ယက်စာမျက်နှာများ၌ မန္တလေးတိုင်း၊ အင်းဝရှေးဟောင်းနယ်မြေရှိ နန်းမတော်မယ်နု အုတ်ကျောင်းကို မြေဝါဆေးသုတ်ထားသည့် ဓာတ်ပုံများ ပျံ့နှံ့လာခဲ့ပြီးနောက် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။