ယမင်းဖူးပွင့်အောင်
ဩဂုတ် ၂၃၊ ၂၀၂၄။
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးအကျဉ်းထောင်မှ “ဝ” လူမျိုး အကျဉ်းသား ၁၂ ဦး သည် ဝတပ်ဖွဲ့ (UWSA) ပြင်ပဆက်ဆံရေးရုံးအကူအညီဖြင့် လွတ်မြောက်လာသည်ဟု “ဝ” လူငယ်အသံကွန်ရက်ထံမှ သိရသည်။
လွတ်မြောက်လာသူများသည် ကွမ်းလုံ၊ ဟိုပန်နှင့် တန့်ယန်းမြို့မှဖြစ်ပြီး အများစုမှာ ဆေးမှုနှင့် ထောင်ကျနေသူများဖြစ်သည်။
MNDAA က အကျဉ်းသားများကို ထိန်းသိမ်းထားခဲ့ပြီး ‘ဝ’ အကျဉ်းသားများလွတ်မြောက်ရေးအတွက် လားရှိုးမြို့တွင်ရှိ ဝတပ်ဖွဲ့ (UWSA) ပြင်ပဆက်ဆံရေးရုံးမှတဆင့် ကြိုးစားခဲ့ရသည်ဟု ဝလူငယ်အသံကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“အကူညီ တောင်းလာတဲ့ မိသားစုဝင်တွေက ဝရုံးကို အချက်အလက်တွေ ပို့ပေးရတယ်။ အဲ့ကတစ်ဆင့် အချက်အလက်ကိုက်ညီရင် ‘ဝ’ ရုံးက ထုတ်လာပေးပါတယ်။ ပြီးတော့ မိသားစုဝင်တွေကို အကြောင်းကြားပါတယ်။ ရုံးမှာလာထုတ်ရပါတယ်” ဟု ၎င်းက ဆိုသည်။
လားရှိုး’ဝ’ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းရာ အကျဉ်းသားများလွတ်မြောက်လာသည်ကို အတည်ပြုပြောဆိုသော်လည်း အရေအတွက်ကို စာရင်းပြုစုနေဆဲဖြစ်သည်ဟု ဆိုသည်။
လက်ရှိစာရင်းအရ ‘ဝ’ လူငယ်အသံကွန်ရက်ထံသို့ ‘ဝ’အကျဉ်းသားများလွတ်မြောက်ရေးအတွက် အကူအညီတောင်းခံလာသူ ၇ ဦးရှိနေပြီး စာရင်းမပါသူများလည်းရှိသေးသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်တွင် လားရှိုးထောင်ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA က သိမ်းပိုက်ခဲ့ပြီးနောက် အကျဉ်းသားတချို့လွတ်မြောက်လာခဲ့ပြီး ၎င်းတို့အနက် ‘ဝ’ လူမျိုးများလည်း ပါဝင်ခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ် ၃ ရက်ကလည်း MNDAA က တအာင်းလူမျိုးအကျဉ်းသား ၁၁၈ ဦးကို တအာင်းအမျိူးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံလွှဲပြောင်းပေးခဲ့သည်။
Photo- “ဝ”လူငယ်အသံကွန်ရက်