သံလွင်ခက်
ဩဂုတ် ၂၃၊၂၀၂၄။
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရွှေ့ပြောင်းမြန်မာကျောင်းတစ်ခုဖြစ်သည့် ပညာရေးနှင့် ဖွံ့ဖြို့တိုးတက်ရေးဖောင်ဒေးရှင်း- FED ကျောင်းတွင် မွေထိုင်းလက်ဝှေ့ပညာနှင့် ဆက်စပ်သည့် အသိပညာများကို မွေထိုင်းလက်ဝှေ့ချန်ပီယံ၊ ဘရော်နီကာက သွားရောက်မျှဝေခဲ့သည်ဟု FED ၏ ဦးဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်က ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED/ ULC ရွေ့ပြောင်းမြန်မာ ကလေးများကျောင်းကို သွားရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသား မွေထိုင်းလက်ဝှေ့ကျွမ်းကျင်သူများ ဖြစ်လာနိုင်ရန်နှင့် မွေထိုင်းလက်ဝှေ့သမားတစ်ယောက်၏နေထိုင်ဖြတ်သန်းရသည့် အခြေအနေများကို မျှဝေခဲ့ခြင်းဖြစ်သည်။
မွေထိုင်းလက်ဝှေ့အားကစားသည် ထိုင်းရိုးရာလက်ဝှေ့ကစားနည်းဖြစ်သော်လည်း မွေထိုင်းလက်ဝှေ့အသိုင်းအဝိုင်းထဲသို့ မြန်မာပြည်ဖွားလက်ဝှေ့ကျွမ်းကျင်သူများ ခြေဆန့်လာပြီဖြစ်သည်။
မွေထိုင်းလက်ဝှေ့ပညာကို စိတ်ဝင်စားသည့် ရွှေ့ပြောင်းလူငယ်များအတွက် လမ်းကြောင်းသဖွယ်ဖြစ်စေရန်နှင့် မြန်မာလူငယ်လက်ဝှေ့သမားများပေါ်ထွန်းလာစေရန် လုပ်ဆောင်ပေးလျက်ရှိသည်ဟု ဦးထူးချစ်က ပြောသည်။
“ကျွန်တော်တို့နဲ့ ပတ်သတ်တဲ့ကျောင်းတွေမှာ ထိုင်းရိုးရာလက်ဝှေ့နဲ့ ပတ်သတ်တဲ့ ဟောပြောပွဲတွေ လိုက်လုပ်နေတာရှိတယ်။ ကလေးတွေ ဒီအားကစားထဲ စိတ်ဝင်စားလာအောင် လှုံ့ဆော်မှုတွေလုပ်နေတယ်” ဟု ဆိုသည်။
FED ဖောင်ဒေးရှင်းက ရွှေ့ပြောင်းမြန်မာလူငယ်များအတွက် “ Migrant Muay Thai Club” ဖွင့်လှစ်ရန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက ပြင်ဆင်နေခြင်းဖြစ်ပြီး ပြည်တွင်းလက်ဝှေ့ကလပ်များဖြင့်လည်း ချိတ်ဆက်ဆောင်ရွက်နေ သည်ဟု ဦးထူးချစ်က ဆိုသည်။
ပုံစာ- မွေထိုင်းလက်ဝှေ့ချန်ပီယံ ဘရော်နီကာရွှေ့ပြောင်းကလေးကျောင်းသို့ သွားရောက်တွေ့ဆုံခဲ့သည့် မြင်ကွင်း။
ဓာတ်ပုံ-U Htoo Chit