မောင်ဘဦး (CJ)
သြဂုတ် ၂၃၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အောင်ဇေယျမြို့သစ်နှင့် မုံရွာဂေါက်ကွင်းတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံများထံက သိရသည်။
ယမန့်နေ့ နံနက် ၁၀ နာရီဝန်းကျင်ကစပြီး ည ၁၀ နာရီအထိ ယင်းတပ်စခန်းတို့မှ ၁၂၀ မမ ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပေကုန်းရွာတွင် ကွမ်းခြံရေလောင်းနေသည့် အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦးလက်နက်ကြီးစထိမှန်သေဆုံးခဲ့ပြီး ဘိန်းနွယ်ချောင်ကျေးရွာမှ အသက် ၅၅ နှစ်အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“အောင်ဇေယျမြို့သစ်က ထုလိုက်၊ မုံရွာဘက်ကထုလိုက်နဲ့ ပြည်သူတွေလည်း အထိတ်တလန့်ဖြစ်နေကြရတယ်။ မနက်က လက်နက်ကြီးထိမှန်တဲ့ ၃၅ နှစ်အရွယ် ဂုဏ်တောရွာက ပြည်သူတစ်ဦးလည်း ည ၁၁း၄၀ အချိန်မှာ သေဆုံးခဲ့တယ်” ဟု ဒေသတွင်းနာရေးကူညီမှုအသင်း၏တာဝန်ရှိသူတဦးက ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၇ ရက်က အောင်ဇေယျမြို့သစ်တွင်တပ်စွဲထားသည့် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ယင်းမာပင်မြို့နယ် ထန်းတောကြီး၊ ပေကုန်း၊ အောင်မိုး၊ အုံတုံပင်၊ ဘိန်းနွယ်ချောင်စသည့် ရွာတွေထဲကို ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဒေသခံ ၄ ဦး သေဆုံးသည်။
ဓာတ်ပုံ- ဘဦး