ထွယ်
ဩဂုတ် ၂၂၊ ၂၀၂၄။
စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေသည်ဟု KIA သတင်းရင်းမြစ်ထံက သိရသည်။
ယမန့်နေ့က ထီးချို့မြို့ ဘုရင့်နောင်ရပ်ကွက်၊ ဖုန်ကုန်းလေးကျေးရွာနှင့် စပ်စားကျေးရွာမှ တပ်စခန်း ၃ ခုကို လက်လွှတ်ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ည ၁၁ နာရီတွင် လေကြောင်းဖြင့် ၃ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်အစောပိုင်း ၂ နာရီခွဲခန့်ကလည်း လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမဖြစ်ပွားမှီ ဩဂုတ်လ ၂၀ ရက်နေ့တည်းက ထီးချိုင့်မြို့နယ် နဝရက်ကျေးရွာ၊ စံပြကျေးရွာ၊ ကုက္ကိုလ်ကုန်းကျေးရွာနှင့် နီတာကျေးရွာနှင့် မြတောင်ကျေးရွာဘက်ကို လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံးသီး အပါအဝင် ဗုံးအလုံး ၇၀ ခန့်ဖြင့် ပြင်းပြင်းထန်ထန်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နီတာကျေးရွာက ပြည်သူတစ်ဦးနှင့် နွား ၃ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တို့သည် ထီးချိုင့်မြို့တွင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ကူနှင့်ရိက္ခာများပေးပို့လျက်ရှိသည့် မောင်းကုန်းကျေးရွာနှင့် တကောင်းနီကယ်စက်ရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို ယခုနှစ် ဇူလိုင်လကတည်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထီးချိုင့်မြို့တွင်း၌သာ ကျန်ရှိတော့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။