အောင်ဇေယျစစ်ကြောင်းနှင့် ပူးပေါင်းသည့် စကခ ၁၂ ပထမဆုံးအကြိမ် ထိုးစစ်ဆင်လာ
***************
နန်းဆုပန်ခန့်
ဩဂုတ် ၂၂၊ ၂၀၂၄။
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွင် အောင်ဇေယျစစ်ကြောင်းနှင့် ပူးပေါင်းခဲ့သည့် အမှတ်-၁၂၊ စစ် ဆင်ရေးကွပ်ကွဲမှုဌာနချုပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ပထမဆုံးအကြိမ်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ထံက သိရသည်။
ကော့ကရိတ်မြို့အခြေစိုက် စကခ- ၁၂ သည် လားရှိုးမြို့သို့ စစ်ကူသွားရောက်ခဲ့ပြီးနောက် ယခု သြဂုတ် ၁၉ ရက်မှ ၂၁ ရက်တွင် မြဝတီမြို့ကို ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးအပြင် တာဝေးပစ်မစ်ဇိုင်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းစစ်ဆင်ရေးမှူးဗိုလ်ဒါဘောက သံလွင်ခက်ကိုပြောသည်။
“ထိုးစစ်ကပုံမှန်အင်အားတွေပဲ။ စစ်ကြောင်းနှစ်ကြောင်းနဲ့။ အရင်ကလိုပုံမှန်ထိုးနေတာပဲ။ ကွာခြားတာတစ်ခုပဲရှိတယ်။ အရင်က တိုက်ပွဲဖြစ်ရင် လေယာဉ်လာတယ်။ ဒီ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်တာတော့ လေယာဉ်လာတာမရှိဘူး” ဟု ဗိုလ်ဒါဘောက ပြောသည်။
နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုများရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် အောင်ဇေယျစစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားသည်ဟု သတင်းအချို့ထွက်ပေါ်ခဲ့သော်လည်း မြေပြင်တွင် စစ်ကူအင်အားတစ်ချို့ကိုသာ ထုတ်နုတ်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ဒါဘောက ဆိုသည်။
“လွန်ခဲ့တဲ့ရက်ပိုင်းတွေက သတင်းတွေမှာအောင်ဇေယျစစ်ကြောင်းပြန်ဆုတ်သွားတယ်ဆိုတာမဟုတ်ပါဘူး။ အောင်ဇေယျစစ်ကြောင်းက မြေပြင်မှာ ပုံမှန်စစ်ဆင်ရေးလုပ်နေတာပဲ။ လွန်ခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်ဘက်မှာစစ်ကူလိုလို့ စကခ (၁၂) ထုတ်နုတ်အင်အားစစ်ကူသွားတာတော့ရှိတယ်။ အောင်ဇေယျစစ်ကြောင်းကြီးပြန်ဆုတ်သွားတာတော့မရှိဘူး” ဟု ၎င်းက ပြောသည်။
လားရှိုးမြို့သို့ စစ်ကူသွားခဲ့သည့် စကခ ၁၂ တပ်ရင်းသည် ရှမ်းမြောက်ပိုင်း၊ မိုင်းရယ်မြို့နှင့် ဟိုယရွာကြား ကြားဖြတ် တိုက်ခိုက်ခံရပြီး အကျအဆုံးများခဲ့သည်။ လားရှိုးမြို့စစ်ကူတက်လာသည့် စကခ ၁၂ တပ်မမှူးသည် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သွားခဲ့သည် စစ်ရေးသတင်းမြစ်တွေက ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီ ၁၃ ရက်မှ စတင်ခဲ့သည့် နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းသည် ကော့ကရိတ်မှတစ်ဆင့် မြဝတီမြို့သို့ ထိုးစစ်ဆင်ရာ ယခုတွင် ၄ လကျော်လာပြီဖြစ်သည်။
ယင်း ၄ လကျော်အတွင်း တိုက်ပွဲအကြိမ်ရေ ၃၀ ကျော်ဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သော လက်နက်ကြီး၊ တာဝေးပစ်မစ်ဇိုင်းဒုံးကျည်များကြောင့် အနီးအနားကျေးရွာမှ ဒေသခံထိခိုက်သေဆုံးမှုများ၊ နေအိမ်နှင့် အဆောက် အဦးအပြင် နွားအကောင်ရေ ၃၀ ကျော် သေဆုံးမှုရှိသည်ဟု ပူးပေါင်းတပ်ဘက်မှ ကောက်နှုတ်ထားသည့်စာရင်းအရ သိရသည်။
ဓါတ်ပုံ – ပေးပို့ ပုံစာ – ရှေ့တန်းတစ်နေရာ၌ မြင်တွေ့နေရသော ကာ်ဘရာရဲဘာ်တစ်ဦး။