ကောင်းချစ်အောင်
သြဂုတ် ၂၂၊ ၂၀၂၄။
မြန်မာနိုင်ငံအနှံ့ ပြည်တွင်းစစ်မီးဟာ အရှိန်အမြင့်ဆုံးကာလတစ်ခုကို ရောက်ရှိလာနေပြီး စစ်ကောင်စီအနေနဲ့ တိုင်းစစ် ဌာနချုပ်တစ်ခုကိုပါ ပူပူနွေးနွေးဆုံးရှုံးထားရပါတယ်။ ဒါ့အပြင် အလယ်ပိုင်းမြေပြန့်ဒေသကို ရောက်ရှိလာတဲ့ တော် လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေကို ဆက်တိုက်ရင်ဆိုင်နေရတာပါ။
စစ်ကောင်စီတပ်ဟာ တိုင်းစစ်ဌာနချုပ် ၁၄ ခု၊ ခြေမြန်တပ်မဌာနချုပ် ၁၀ ခု၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အခု ၂၀ နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ၆ ခုကို နိုင်ငံတဝှမ်း ဖြန့်ကျက်ထားပါတယ်။ တိုင်းမှူးနေရာတွေမှာ ဗိုလ်ချုပ်အဆင့်ရှိသူ တွေကို တာဝန်ပေးထားပြီး အာဏာသိမ်းစစ်ခေါင်းဆောင်အတွက် အရေးပါဆုံးထောက်တိုင်တွေလည်း ဖြစ်ပါတယ်။
ခြေမြန်တပ်မဌာနချုပ် ဦးဆောင်သူတွေကို တပ်မမှူး၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို စကခမှူးနဲ့ ဒေသကွပ်ကဲမှုစစ် ဌာနချုပ်မှူးကို ဒကစမှူးလို့ အတိုကောက်ခေါ်ဝေါ်ကြပြီး အကုန်လုံးဟာ ဗိုလ်မှူးချုပ်အဆင့်ရှိသူတွေဖြစ်ပါတယ်။
ဗိုလ်မှူးချုပ်အဆင့် တပ်မမှူးရာထူးဟာ စစ်ရေးအရ တိုင်းမှူးပြီးရင် အရေးပါတဲ့ ရာထူးတစ်ခုဖြစ်ပြီး ဗိုလ်ချုပ်အဆင့်ရှိတဲ့ တိုင်းမှူးအများစုဟာ တပ်မမှူးတာဝန်ကို ဖြတ်သန်းပြီးမှ ရာထူးတိုးမြှင့်ခန့်ထားခံရတာ ဖြစ်ပါတယ်။
ဗိုလ်မှူးချုပ်အဆင့်ရှိသူတစ်ဦး ကျဖို့ဆိုတာဟာ နှစ် ၈၀ နီးပါး သမိုင်းကြောင်းမှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စဆိုပေမယ့် အာ ဏာသိမ်းမှုအလွန်ကာလ သုံးနှစ်ကျော်အတွင်းမှာပဲ တပ်မမှူးအဆင့်ရှိတဲ့ စစ်တပ်အရာရှိကြီး ၁၄ ဦးနှင့် တိုင်းမှူးတစ်ဦး ပါ စစ်အာဏာရှင်ခုခံတွန်းလှန်စစ်မှာ အရှုံးနဲ့ နိဂုံးချုပ်သွားရပြီပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်မှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း မြန်မာနိုင်ငံအ နှံ့အပြားမှာ ခုခံတွန်းလှန်မှုထိုးစစ်ဟာ အရှိန်အမြင့်ဆုံးကာလတစ်ခုကို ရောက်ရှိလာပါတယ်။
စစ်ဆင်ရေးစတင်ပြီး ၁၀ ရက်အကြာမှာပဲ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးဗိုလ်မှူးချုပ်အောင်ကျော်လွင် စတင်သေဆုံးခဲ့ပါတယ်။ စစ်တက္ကသိုလ်အပတ်စဉ်- ၄၁ ဆင်း ဖြစ်ပါတယ်။ တပ်မ (၉၉) ဟာ မိတ္ထီလာမြို့အခြေစိုက် ဖြစ်ပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်ဆင်ရေးဝင်နေကျဖြစ်ပြီး စစ်ခေါင်းဆောင်တွေ အားထားရတဲ့ တပ်မတစ်ခု ဖြစ်ပါတယ်။
နိုဝင်ဘာ ၅ ရက် မနက်ပိုင်းမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့အတူ ရက္ခိုင့်တပ် တော် (AA) တပ်ဖွဲ့ဝင်တွေဟာ မုံကိုးဒေသက ဗျူဟာကုန်းတွေကို စတင်ထိုးစစ်ဆင်ခဲ့ပါတယ်။
ဒရုန်းပစ်ခတ်မှုအတွင်း လက်နက်ခဲယမ်းဂိုထောင် ပေါက်ကွဲမှုကြောင့် တပ်မမှူးသေဆုံးခဲ့တာလို့ MNDAA က ထုတ်ပြန် ထားပါတယ်။ တပ်မမှူးကျဆုံးအပြီးမှာ မြို့တွင်းစစ်ဆင်ရေးတွေ ဆက်လက်ဆင်နွှဲခဲ့ရာမှာ မုံကိုးမြို့ကို နိုဝင်ဘာ ၈ ရက် မှာသိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်မှာ နမ့်ဆန်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ရရှိခဲ့ပြီး မြို့တွင်းမှာ လက်ရှိအခြေချထားတဲ့ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးဖြစ်သူကို အရှင်ဖမ်းဆီးနိုင်ခဲ့ပါ တယ်။ စစ်တက္ကသိုလ် အပတ်စဉ်- ၄၀ သင်တန်းဆင်း ဗိုလ်မှူးချုပ် မင်းမင်းထွန်း ဖြစ်ပါတယ်။
သူ့ရဲ့လက်အောက်ငယ်သားတချို့နဲ့ စခန်းကနေ စွန့်ခွာထွက်ပြေးခဲ့ပေမယ့် TNLA က လိုက်လံဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါ တယ်။ ဇန်နဝါရီ ၁၀ ရက်မှာ TNLA ကထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ အချိန်တိုအတွင်း တိုးတက်လာတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ စစ်ရေးစွမ်းရည်ကို အံ့ဩမိကြောင်း၊ အရှုံးကို မျှော်လင့်မထားကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။
ဇန်နဝါရီ ၄ ရက် ညပိုင်းမှာ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တစ်ခုလုံးအပါအဝင် မြို့တဝိုက်က စစ်ကောင်စီတပ် တွေအားလုံး လက်နက်ချခဲ့တာကြောင့် မြို့ပေါ်တိုက်ပွဲ အပြင်းအထန်မဆင်နွှဲလိုက်ရဘဲ MNDAA က ရရှိခဲ့ပါတယ်။
လက်နက်ချခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ ဒစက (လောက်ကိုင်) အား စစ်ကူပေးဖို့ ရောက်ရှိလာခဲ့ကြတဲ့ မြန် မာနိုင်ငံအနှံ့က တပ်မ၊ တပ်ရင်းတွေထဲက အားလုံးပါဝင်ခဲ့ပြီး အရာရှိ ၂၂၈ ဦး၊ ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၆ ဦး၊ ရဲဘော် အဆင့် ၁,၈၉၅ ဦးနဲ့ နမ်ထင်းမိန်ရှန်း တောင်ကုန်းက ၂၆၆ ဦးအပါအဝင် စုစုပေါင်း ၂,၃၈၉ ဦး ဖြစ်ကြောင်း သိရပါတယ်။
လောက်ကိုင် ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်စစ်ဦးစီးအဖွဲ့ ဥက္ကဌ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်၊ စကခ ၁၂ တပ်မ မှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်း၊ စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ်သော်ဇင်ဦး၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မျိုး ဝင်း၊ စကခ ၁၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းဦးတို့လို အရာရှိကြီးတွေလည်း ပါဝင်ခဲ့ပါတယ်။
သူတို့အားလုံးကို လားရှိုးမြို့အထိ ရဟတ်ယာဉ်နဲ့ လာခေါ်ဆောင်သွားပြီး စစ်ခုံရုံးတင်ကာ စစ်ဆေးမှုတွေ ချက်ချင်းလုပ် ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သေဒဏ်ချမှတ်ခံထားကြရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားတယ်လို့ သတင်း တွေထွက်ပေါ်နေပါတယ်။
ဇန်နဝါရီ ၁၁ ရက်ညပိုင်းမှာလည်း ပလက်ဝမြို့မှာ စစ်ဆင်ရေးဝင်ရောက်နေတဲ့ အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ်ရဲ့ ရှေ့တန်းစခန်းကို AA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စကခမှူး ဗိုလ်မှူးချုပ်ဇင်မျိုးဆွေမှာ ထွက်ပြေးသွားခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဗိုလ်မှူးချုပ်ဇင်မျိုးဆွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်အခြေချစစ်ဗျူဟာမှူးဖြစ်ခဲ့ပြီး ၂၀၂၂ အတွင်းမှာ စကခ ၁၉ စကခမှူးဖြစ်လာခဲ့တာပါ။ စစ်တပ်ထဲကို ၁၉၉၃ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး အလုပ်သင်ဗိုလ် အပတ်စဉ် ၂၃ သင်တန်းဆင်းဖြစ်ကာ မိခင်တပ်ရင်းမှာ အမှတ် ၁၈ ခြေမြန်တပ်ရင်းဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၈ ရက် မြောက်ဦးမြို့အခြေစိုက် ခမရ ၃၇၇ ကို သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲအတွင်း အမှတ် (၁၁) ခြေမြန်တပ် မဌာနချုပ် ယာယီတပ်မမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်းကို အသေဖမ်းဆီးနိုင်ခဲ့တယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။
AA ရဲ့ တစ်လတာထိုးစစ်အတွင်းမှာ ကျောက်တော်မြို့မှာ အခြေစိုက်ထားတဲ အမှတ်-၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်း ၁၀ ရင်းစလုံး ချေမှုန်းခံလိုက်ရတာဖြစ်ပါတယ်။
ကျောက်တော်မြို့ကနေ အသက်လုထွက်ပြေးတဲ့ စကခ (၉) တပ်မမှူး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းကိုလည်း သူ့ရဲ့လက် အောက်ငယ်သားတချို့နဲ့အတူ အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
မတ်လ အတွင်းဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် မိုးမောက်- လွယ်ဂျယ်ဒေသတိုက်ပွဲတွေမှာ ရှေ့တန်းရောက်နေတဲ့ တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ်မင်းထွဋ်ဦးဟာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မြေပြင်တပ်တွေကို စစ်ကောင်စီဘက်က လေ ကြောင်းပစ်ကူပေးရာမှာ တပ်မမှူးကို ထိမှန်သွားတာလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က ဒေသတွင်း မီဒီယာတွေကို အတည်ပြုထားပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်မှာ သမိုင်းကြောင်းတလျှောက် အကြီးမားဆုံးရှုံးနိမ့်မှုတစ်ခုကို ရင်ဆိုင်လိုက် ရပါတယ်။ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကျဆုံးခဲ့ပြီး လားရှိုးမြို့တစ်ခုလုံးကို ဆုံးရှုံးလိုက်ရတာပါ။ (ရမ ခ) တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ် သန့်ထင်စိုးနဲ့ ကျောက်မဲအခြေစိုက် အမှတ် (၁) စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က အခုလဆန်းပိုင်းမှာ ဖမ်းဆီးရ မိခဲ့တာလည်း ဖြစ်ပါတယ်။
လားရှိုးမြို့ကို စစ်ကူလာတဲ့ စကခ ၁၂ မှူးဗိုလ်မှူးကြီးအောင်ကျော်မိုးရဲ့ စစ်ကြောင်းဟာလည်း MNDAA နဲ့ BPLA တပ် တွေရဲ့ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိခိုက်များစွာနဲ့ ဆုတ်ခွာသွားခဲ့ရတာပါ။ ဗိုလ်မှူးကြီးအောင်ကျော်မိုးဟာလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ သောင်းနဲ့ချီတဲ့ စစ်အင်အားပြုန်းတီးမှုကို ဖာထေးဖို့အတွက် စစ်မှုထမ်းအစီအစဉ်ကို ပြုလုပ်နေကာ စစ်မှုထမ်းဖို့ စုဆောင်းခံရသူလူငယ် တစ်သောင်းကျော်အထိရှိနေပါတယ်။ ဒါ့အပြင် လစ်လပ်သွားတဲ့ ဗိုလ်မှူးချုပ်နဲ့ ဗိုလ် ချုပ်ရာထူးတွေမှာလည်း အစားထိုးရာထူးတိုးခန့်အပ်မှုတွေကို လုပ်ဆောင်နေပြီး ခုခံတွန်းလှန်စစ်တွေကို ဟန့်တားဖို့ စစ် ခေါင်းဆောင်က အမိန့်ပေးထားပါတယ်။
စစ်ကောင်စီတပ်အတွက် ထောက်တိုင်လို့ဆိုနိုင်တဲ့ အဆင့်မြင့်အရာရှိကြီးတွေကို ဆုံးရှုံးလာရတာတွေနဲ့ တော်လှန်ရေး တပ်တွေရဲ့အောင်မြင်မှုတွေဟာ နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်ကြီးတွေအတွက် ရတက်မအေးစရာဖြစ်လာနေပါတယ်။