သံလွင်ခက်။
ဩဂုတ် ၂၁ ၊ ၂၀၂၄။
အကျဉ်းထောင်က လွတ်မြောက်ပြီး ရက်ပိုင်းအတွင်း ကွယ်လွန်ခဲ့သည့် မှတ်တမ်းရုပ်ရှင်ဖန်တီးသူ နိုင်ငံရေးအကျဉ်းသား ကိုဖေမောင်စိမ်း၏ နာရေးကို ယနေ့တွင် ရန်ကုန်မြို့ ရေဝေးသုသာန်၌ ပြုလုပ်ခဲ့ကြသည်။
ကိုဖေမောင်စိမ်းသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက် နေ့လည် ၂ နာရီခန့်တွင် ရန်ကုန်မြို့ ဆာကူရာဆေးရုံ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
လွိုင်ကော်အကျဉ်းထောင်မှ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွေ့ပြီးနောက် ထောင်တွင်း နှိပ်စက်ခံထားရသည့် ဒဏ်များကြောင့် အင်းစိန် ဆေးရုံတွင် အကျဉ်းသားအဖြစ် ခြေကျင်းဖြင့် ဆေးရုံးတင်ခဲ့ပြီးနောက် ကျန်းမာရေးဆိုးရွားနေချိန် ဩဂုတ်လ ၁၆ ရက်၌ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ လွှတ်မိန့်ရပြီးနောက် အင်းစိန်ဆေးရုံမှ ဆာကူရာဆေးရုံသို့ ပြောင်းရွှေ့ကုသနေစဉ် သုံးရက်အကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုဖေမောင်စိမ်းကို လွိုင်ကော်၌ ဖမ်းဆီးခဲ့ပြီးနောက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ ( ၁ )ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ကိုဖေမောင်စိမ်းသည် ကာတွန်းဆရာကြီး ဦးဖေသိန်း၏ သားဖြစ်ပြီး မှတ်တမ်းရုပ်ရှင်များကိုလည်း ရိုက်ကူးခဲ့ပြီး နိုင်ငံတကာဆုများ ရရှိခဲ့သူတစ်ဦးလည်းဖြစ်သည်။
ပုံစာ – ကိုဖေမောင်စိမ်း၏ နာရေး မြင်ကွင်း။ ဓါတ်ပုံ – မောင်ထက်