နန်းဆုပန်ခန့်
ဩဂုတ် ၂၁၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် အာရှလမ်းပေါ်ရှိ အောင်ဇေယျစစ်ကြောင်း နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက်တွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲပိုမိုပြင်းထန်လာကာ နှစ်ဖက်ထိခိုက်မှုများလည်းရှိသည်ဟု ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ တိုက်ပွဲတွေကတော့ နေ့တိုင်းနီးပါးလိုလို ထိတွေ့မှုရှိနေတယ်ပေါ့။ ပြီးခဲ့တဲ့နှစ်ရက်က ထိတွေ့မှုပိုမိုပြင်းထန်တယ်ဆိုတာက ဘယ်လိုကြောင့်လဲဆိုတော့ သူတို့စစ်ကြောင်းတွေ ပိုပြီးတော့ လှုပ်ရှားလာတဲ့အချိန်မှာတော့ ကျွန်တော်တို့ ခံစစ်ပြင်ထားတဲ့အပေါ်မှာ ထိတွေ့မှုဖြစ်တာပေါ့။ ထိတွေ့တိုက်ပွဲဖြစ်တာဆိုတော့ နှစ်ဖက်ထိခိုက်မှုတွေတော့ ရှိပါတယ်။” ဟု ဆိုသည်။
ထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိသော်လည်း အသေးစိတ်ကို ပြောဆို၍ မရသေးဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ပူးပေါင်းတပ်များ၏ ခံစစ်ရှိသည်ဟု ယူဆရသည့်နေရာများကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေပြီး ပူးပေါင်းတပ်ဘက်ကလည်း စနိုက်ပါ၊ ဒရုန်းများဖြင့် ပြန်လည်း ပစ်ခတ်ခြင်းများရှိသည်ဟု ပူးပေါင်းတပ်ဖွဲ့များထံက သိရသည်။
အောင်ဇေယျစစ်ကြောင်းသည် စစ်ကောင်စီ ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံတော်အဆင့်ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ တပ်မ ၅၅ တပ်ဖွဲ့ဝင်များဖြင့် အဓိက ဖွဲ့စည်းထားခြင်းဖြစ်သည်။
အောင်ဇေယျစစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီလ လဆန်းပိုင်းတွင် ကော့ကရိတ်မြို့ရှိ ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်ထားသော ကာကင်းစခန်းကို ပြန်လည်ရယူပြီးနောက် အာရှလမ်းနှင့် ဘေး ဝဲ၊ယာ နှစ်ဖက်ရှိ တောလမ်းအတိုင်း မြဝတီသို့ ချီတက်ခဲ့သည်။
ထိုသို့ချီတက်ခဲ့သော်လည်း ကာကွယ်ရေးပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ သံချပ်ကာကားများ၊ စစ်သုံးကားများကို သိမ်းဆည်းနိုင်ခဲ့သည်အပြင် ၄ လကျော်အချိန်ထိ မြဝတီမြို့ကို ရောက်ရှိခဲ့ခြင်းမရှိပေ။
မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်ရန် အထူးစစ်ကြောင်းအနေဖြင့် ချီတက်လာသည့် အောင်ဇေယျစစ်ကြောင်းသည် ထိုကဲ့သို့ အခြေအနေများကြောင့် ဇူလိုင် ၂၆ ရက်တွင် ဒေါန တောင်ကြောမှ ပြန်လည်ဆုတ်ခွာခဲ့သော်လည်း လက်ရှိ၌ အင်အား ၂၀၀ ခန့်ကျန်ရှိနေဆဲဖြစ်သည်ဟု ပူးပေါင်းတပ်ဖွဲ့များထံက သိရသည်။
ဓါတ်ပုံ – ပေးပို့
ပုံစာ – ပူးပေါင်းတပ်များနှင့် အောင်ဇေယျစစ်ကြောင်းကြား ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ် သိမ်းဆည်းရရှိသော စစ်သုံးကားတချို့။ (ပုံဟောင်း)