( စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာကို စွန့်ခွာထွက်ပြေး )
ထွယ်၊ ဩဂုတ် ၂၁။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ၅ မိုင်ခန့်သာဝေးသည့် ကောင်ဂျာယာန်ကျေးရွာတွင် တပ်စွဲသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့နေ့ ညနေ၌ ကချင်လွပ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
ကောင်ဂျာယာန်ကျေးရွာသည် ဗန်းမော် – မံစီလမ်းပိုင်းတွင် တည်ရှိပြီး အဆိုပါ ကျေးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မံစီမြို့ရှိ ခြေမြန်တပ်ရင်း ခ.မ.ရ – ၃၁၉ နှင့် ခြေလျင်တပ်ရင်း ခ.လ.ရ – ၆၀၁ တို့ကို ကာထားခြင်းဖြစ်သည်ဟု ရှေ့တန်းရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“တပ်စခန်းမဟုတ်ဘူး၊ ရွာမှာ တပ်စွဲထားတာ။ အဲ့ကောင်ဂျာယာန်ရွာကို သိမ်းလိုက်နိုင်ပြီ။ တင့်ကားတွေလည်း ဖျက်စီးထားနိုင်တယ်” ဟု ဆိုသည်။
အဆိုပါ ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မံစီတပ်ရင်းသို့ တိမ်းရှောင်တပ်ဆုတ်သွားကြခြင်းဖြစ်သည်ဟု ရဲဘော်များထံက သိရသည်။
ထို့ပြင် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လွန်ခဲ့သည့် တစ်ပတ်အတွင်း မိုးမောက်သို့ စစ်ကူဖြည့်တင်း စစ်ကြောင်းထိုးသကဲ့သို့ မံစီမြို့ရှိ တပ်ရင်းဆီကိုလည်း မြေပြင်စစ်ကြောင်းဖြင့် အင်အားဖြည့်တင်းလျက်ရှိသည်။
ထိုကဲ့သို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
KIA နှင့် ပူးပေါင်းတပ်များသည် ဩဂုတ်လ ၁၉ ရက်ကလည်း မိုးမောက်မြို့တွင် တစ်ခုတည်း ကျန်ရှိသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခ.မ.ရ – ၄၃၇ တပ်ရင်းကို အပြီးတိုင်သိမ်းပိုက်ရရှိထားသည်။
ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA နှင့် ပူးပေါင်းတပ်က ယခုနှစ် မတ်လကတည်းက တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဆွမ်ပရာဘွမ်မြို့နယ်နှင့် မိုးမောက်မြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားကာ မြို့နှင့် တပ်စခန်းပေါင်း ၁၀၀ ကျော်ခန့်ကိုလည်း သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်။
ပုံစာ – ဩဂုတ်လ ၁၉ ရက်တွင် KIA ပူးပေါင်းတပ်များက ခ.မ.ရ – ၄၃၇ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် မြင်ကွင်း။