သံလွင်ခက်။
ဩဂုတ် ၂၁ ၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးခဲ့သည့်အပြင် ကျပ် သိန်း (၃၄၀) ကျော် သိမ်းဆည်းရမိခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ယမန်နေ့တွင် ထုတ်ပြန်သည်။
ဒီပဲယင်းမြို့အား ရွှေဘိုခရိုင် အမှတ် (၁) ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၆၊ ၉၊ ၁၂)၊ ရွှေဘိုခရိုင် လှုပ်ရှားစစ်ကြောင်း၊ ရွှေဘိုခရိုင် ပကဖ၊ ဗျူဟာ-၅၃၊ 96Soldier၊ ဒီပဲယင်း LPDF ပူးပေါင်းတပ်ဖွဲ့တို့မှ ဩဂုတ်လ (၁၅) ရက်၊ ညနေ (၈) နာရီခွဲ မှစတင်ကာ ဩဂုတ်လ (၁၈) ရက်၊ နံနက် (၄) နာရီချိန်တွင် တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၁၈) ဦး သေဆုံးကာ (၁၀) ဦး ထိခိုက်ဒဏ်ရာရ၍ ကျန်စစ်ကောင်စီအဖွဲ့ဝင်များသည်လည်း ထွက်ပြေးခဲ့ကြပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က ရဲဘော် (၄) ဦး ကျဆုံးခဲ့ရသည်။
ထို့အပြင် ပျူစောထီး (၂) ဦး လက်နက်ချ အလင်းဝင်ခဲ့ပြီး Non-CDM ဝန်ထမ်း (၄၀) ဦး၊ အချုပ်သား (၂၀) ဦး၊ ပြည်သူ (၇၂) ဦးအားလည်း ကယ်တင်နိုင်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်မျိုးစုံ (၂၂) လက်၊ ကျည်မျိုးစုံ (၄၉၀၀) ခန့်၊ ဗုံးသီးမျိုးစုံ (၅၇) လုံး၊ မိုင်းမျိုးစုံ (၂၀) လုံး၊ ကျည်အိမ် (၈) ခုနှင့် ငွေကျပ် သိန်း (၃၄၀) ကျော် သိမ်းဆည်းရမိခဲ့သည်ဟု အမှတ် (၁) စစ်ဒေသ၏ ထုတ်ပြန်ချက်များအရသိရသည်။
စစ်ကောင်စီဘက်က ဗိုလ်ကြီး အောင်ဟိန်းဦး ဦးစီး ခမရ (၇၀၄၊ ၇၀၈)၊ ရဲ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၇၉) ဦး အခြေပြုနေထိုင်သော ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ ဇွဲစားသောက်ဆိုင်နှင့် အထက ကျောင်းတို့အား တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားသောနေ့တွင် ရေဦးမြို့မှ စစ်ကူဝင်ရောက်လာသော ခလရ-၈၉ အင်အား (၆၀) ခန့်အား တော်လှန်ရေးပူးပေါင်းတပ်များက ဖြတ်တောက်နိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်က မြို့မရပ်ကွက်သို့ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ဗုံး (၃) လုံးကြဲချ တိုက်ခိုက်ခဲ့သည်။
ထို့ပြင် ဩဂုတ်လ (၁၇) ရက်တွင် မြို့မရပ်ကွက်နှင့် မြို့အနီး မစိုးရိမ်ရွာ ဘုန်းကြီးကျောင်းအနီးသို့ တံတားဦး မှ တက်လာသော ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီး (၂) လုံးကြဲချ တိုက်ခိုက်ပြီး မြို့အနီးသို့ နမခ မှ တက်လာသော Mi-35 ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ယင်းတစ်နေ့တည်းပင် မြို့ထဲသို့ တံတားဦးမှ တက်လာသော Y-12 (၁) စီးဖြင့် ဗုံးသီး (၅၆) လုံးကြဲချ တိုက်ခိုက်ပြီး မြို့ပတ်ပတ်လည်သို့ နမခမှ တက်လာသော Mi-35 (၁) စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ထို့နောက် ဩဂုတ် ၁၈ ရက် နေ့လည် ၁၂ နာရီခန့်တွင် မြို့သိမ်းတိုက်ပွဲပြီးနောက် ပူးပေါင်းတပ်ဖွဲ့ဝင်များက ရှင်းလင်းရေး ဆောင်ရွက်နေစဉ် မြို့ပတ်ပတ်လည်သို့ လေကြောင်းဖြင့် ပစ်ခတ်ခဲ့သည့်အပြင် အင်အားများလည်း ထပ်မံပို့ချခဲ့သည်ဟု အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ လေကြောင်းဖြင့် ပစ်ခတ်ခြင်း၊ အင်အားတိုးချဲ့မှုများကြောင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ဒီပဲယင်းမြို့အား သိမ်းပိုက်ရရှိပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ရသည်။