သံလွင်ခက်
ဩဂုတ် ၂၀၊၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၂) ဦးသေဆုံးပြီး စက်သုံးဆီသိုလှောင်ကန်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်- TNLA က ယနေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်တွင် သီပေါမြို့ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (၂၃) အနီး နားမုံရပ်ကွက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသား (၂) ဦးထိမှန်သေဆုံးခဲ့သည်။
ထိုအပြင် ဩဂုတ်လ ၁၉ ရက်၊ နေ့လည် ၁၁ နာရီခွဲတွင် စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ကျောက်စု ရပ်ကွက် ရှိ A.A.A ၏ ဆီသိုလှောင်ကန် အတွင်းသို့ကျရောက်ပေါက်ကွဲခဲ့သည်။
ယခုနှစ် သြဂုတ်လ (၁) ရက်နေ့မှ (၁၉) နေ့အထိ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ကြောင့် သီပေါမြို့တွင် အရပ်သား (၁၄) ဦးသေဆုံးပြီး (၄၂) ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ထုတ်ပြန်ထားသည်။
ပုံစာ – လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဒေသခံ ၂ဦးနှင့် ဆီသိုလှောင်ကန် မီးလောင် မှုမြင်ကွင်း။ ဓာတ်ပုံ-PSLF/TNLA