သံလွင်ခက်
ဩဂုတ် ၂၁၊ ၂၀၂၄။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလား)တည်ထောင်သူ ဥက္ကဌ ဦးစိုင်းလင်း၏ ဈာပနအခမ်းအနားကို ဩဂုတ်လ ၂၃ ရက်တွင်ကျင်းပမည်ဟု ဈာပနစီမံရေးကော်မတီက ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၇ ရက် ညပိုင်းတွင် တရုတ်နိုင်ငံရှိ ဆေးရုံတစ်ခုတွင် ကင်ဆာရောဂါဖြစ် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဈာပနအခမ်းအနားကို မိုင်းလားမြို့တွင်ကျင်းပမည်ဖြစ်သည်။
မိုင်းလားအဖွဲ့(NDAA)ကို ဦးဆောင်သည့် ဦးစိုင်းလင်း ဇနီးမှာ ကိုးကန့်တပ်(MNDAA)တည်ထောင်သူ ဖုန်ကြားရှင်၏ သမီးတော်စပ်သူ ဒေါ်နန်းရင်ဖြစ်သည်။
အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည့် ဦးစိုင်းလင်းသည့် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပါဝင်ပံ့ပိုးသူ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ကို တည်ထောင်သူ၊ အထူးဒေသ ၄ ၏ ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုးရေးလမ်းစဉ်များကို တည်ဆောက်ခဲ့သူ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စရပ်များကို အကောင်အထည်ဖော်ခဲ့သူ၊ ရှမ်းအရှေ့ မြန်မာ-တရုတ် နယ်စပ်၏ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်စောင့်ရှောက်သူဖြစ်သောကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ၏ တိုင်းရင်းသားလူမျိုးစု ပြည်သူလူထုတစ်ရပ်လုံးနှင့် ရှမ်း/ရှေ့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်ဟု ဈာပနစီမံရေးကော်မတီက ရေးသားထားသည်။
ဦးစိုင်းလင်း၏ ရုပ်ကလပ်အား ဩဂုတ်လ ၁၉ ရက်တွင် NDAA ၏ ငြိမ်းချမ်းရေးနှင့် စည်းရုံးရေးကော်မတီအပါအဝင် အတွင်းရေးမှူးအဖွဲ့ဝင်များမှ လာရောက်ဦးညွတ်ဂါရဝပြုခဲ့သည်ဟု သိရသည်။
ဓါတ်ပုံ – NDAA ငြိမ်း/စည်းကော်မတီနှင့် အတွင်းရေးမှူးအဖွဲ့များက ဂါရဝပြုစဉ်(SR4-ESS)