ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFနှင့်မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ထားခဲ့ရာ ပြီးခဲ့သော ၃လအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၅ ဦး သေဆုံးခဲ့၍ ၈၃ဦးဒဏ်ရာရရှိခဲ့ သည်ဟု KNDFက ထုတ်ပြန်ထားသည်။
ပြီးခဲ့သောနိုဝင်ဘာလ၊ အောက်တိုဘာလနှင့်စက်တင်ဘာလအတွင်းတို့၌ ကရင်နီပြည်တွင် စစ်ကောင်စီတပ်နှင့်ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း ၁၁၇ ကြိမ်ဖြစ်ပွားခဲ့သည်။
သုံးလတာတိုက်ပွဲများအတွင်း၌ KNDF ရဲဘော် ၁၂ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ်မှုနှင့်လေယာဥ်ဖြင့်တိုက်မှုများကြောင့် ကရင်နီပြည်သူနှင့်စစ်ရှောင် ၁၆ဦးသေဆုံး၍ ၇၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ်မှုနှင့်မီးရှို့ဖျက်ဆီးမှုများကြောင့် သုံးလအတွင်း၌ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးများနှင့်နေအိမ် ၁၇၀ လုံးနီးပါး ပျက်စီးခဲ့ရသည်။
ကရင်နီပြည်တွင် ပြီးခဲ့သောသုံးလအတွင်း၌ လွိုင်ကော်၊ ဒီးမော့ဆို ၊ ဖရူဆို ၊ ဖယ်ခုံ၊ မိုးဗြဲ၊ ဘောလခဲ ၊ ရှားတော ၊ ဖားဆောင်း စသည့်မြို့နယ်တို့၌ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည့်အပြင် စစ်ကောင်စီတပ်စခန်းများကိုလည်း ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များက အကြိမ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သောသုံးလအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှုများခဲ့သည့်အပြင် လက်နက်နှင့်ခဲယမ်းတို့ကိုလည်း မဟာမိတ်တပ်များက သိမ်းဆည်းရရှိခဲ့သည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လည်း ကာကွယ်ရေးတပ်များထံ လက်နက်များဖြင့် အလင်းဝင်ရောက်မှု ၅ ကြိမ်ထက်မနည်းရှိခဲ့သည်။
ပြီးခဲ့သော နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊ သေးဆူလဲကျေးရွာတို့မှ ရှမ်းကယားနယ်စပ် နန်းမယ်ခုံမြို့နှင့် အနီးတဝိုက်ကျေးရွာများအထိ စစ်ကောင်စီတပ်များကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့များမှ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး နေရာတချို့ကို ကာကွယ်ရေးတပ်များ ရယူထိန်းချုပ်နိုင်ခဲ့သည်။
ထို့ကြောင့် စစ်ရေးအရှိန်မြင်လျက်ရှိသည့် ဒီးမော့ဆိုမြို့နယ်နှင့် နန်းမယ်ခုံမြို့တို့တွင် ထိတွေ့တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေပြီး ပြည်သူများ လုံခြုံရေး သတိရှိကြရန် KNDF ကသတိပေးထုတ်ပြန်ထားသည်။