KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်နှင့် BGF-နယ်ခြားစောင့်တပ်များမှ နယ်မြေကျူးကျော်ဝင်ရောက်၍ လူ့အခွင့်အရေးပေါင်းစုံချိုးဖောက်နေသည့်အတွက် နေ့စဉ်နှင့်အမျှ ထိတွေ့ရင်ဆိုင်တိုက်ပွဲများဖြစ်ပေါ်လျှက်ရှိသည်ဟု ကေအဲန်ယူ မူတြော်သတင်းကထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း၌ မူတြော်ခရိုင်တွင် နယ်မြေခံKNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများမှစစ်သည်တော်များနှင့် စစ်ကောင်စီတပ်၊ BGFတပ်များတို့ ထိတွေ့တိုက်ပွဲပေါင်း(၁၁၆)ကြိမ်ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်နှင့် BGFတပ်ဘက်တို့မှ (၆၉)ဦးသေဆုံး၍ (၅၁)ဦးဒဏ်ရာအနာတရရရှိခဲ့သည်။
စစ်ကောင်စီတပ်၏သေဆုံးသူများထဲတွင် တပ်ကြပ်တစ်ဦးပါရှိပြီး ဒဏ်ရာအနာတရရှိမှုစာရင်းထဲတွင် ဗိုလ်တစ်ဦးပါဝင်ကြောင်းသိရသည်။
နိုဝင်ဘာလတွင်းတိုက်ပွဲများ၌ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်(၅) တပ်မဟာမှစစ်သည်တော် (၉)ဦး တိုင်းပြည်နှင့်လူမျိုးအတွက်အသက်စွန့်လိုက်ရကာ (၂၆)ဦးဒဏ်ရာရရှိခဲ့သည်ဟု မူတြော်သတင်းက ဖော်ပြထားသည်။
ပြီးခဲ့သောနိုဝင်ဘာလတွင် စစ်ကောင်စီတပ်မှ မူတြော်ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူများ၏ဥယျာဉ်ခြံမြေနှင့် ကုန်းကြောင်း၊ ရေကြောင်းမှ နေ့စဉ်အများပြည်သူများအသက်မွေးဝမ်းကြောင်းပြုရာလမ်းများပေါ်သို့ လက်နက်ကြီး(၅၅)လုံးတိတိပစ်ချခဲ့သည်။
ထို့ပြင် စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုဖြင့် မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာထိန်းချုပ်ရာနယ်မြေ(၄)နေရာအပေါ်သို့ ဗုံးသီး(၂၂)လုံး အား (၄)ကြိမ်ထိလာရောက်ကြဲချခဲ့ရာ လူနေအိမ်ခြေ၊ စာသင်ကျောင်းနှင့် ဘုရားကျောင်းများကြေမွပျက်စီးခဲ့သည်။
ထိုသို့ လေယာဉ်ဖြင့်ဗုံးသီးလာရောက်ကြဲချစဉ်အတွင်း လေယာဉ်တင်စက်သေနတ်များဖြင့်ပါ အမြောက်အများ တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ပုံစာ- မူတြော်ခရိုင် တိုးသူးပလောရွာအတွင်းသို့ နိုဝင်ဘာလ ၁၀ရက် ညသန်းခေါင်ကျော်ချိန်၌ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံး(၂)လုံးလာရောက်ကြဲချသွားခဲ့ရာ မူလတန်းကျောင်းတစ်ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းနှင့် ဝတ်ပြုဆုတောင်းရန်ဇရပ်အဆောက်အဦးများ ထိမှန်ပျက်စီးမှု ။