သံလွင်ခက်
ဩဂုတ် ၂၀၊၂၀၂၄။
ပဲခူးတိုင်း၊ ဒိုက်ဦးထောင်အကျဉ်းထောင်တွင် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ ၇ ဦး အသက်အန္တရာယ်နှင့် လုံခြုံရေးအထူးစိုးရိမ်နေရသည်ဟု မြန်မာနိုင်ငံလုံဆိုင်ရာနိုင်ငံရေးအကျဉ်းသားကွန်ရက် PPNM ယမန်နေ့က ထုတ်ပြန်လိုက်သည်။
ယမန်နေ့ ညနေပိုင်းတွင် ယင်းအကျဉ်းထောင်မှ နှစ်ပွင့်အရာရှိ ဒေါ်စန်းနွယ်ဦးသည် နိုင်ကျဉ်းအမျိုးသမီးတစ်ဦးအား တရားမဝင်ထောင်ဝင်စာယူဆောင်သည်ဟု အကြောင်းပြချက်ဖြင့် ဆံပင်ဆွဲရိုက်နှက်ခဲ့ရာ ဝိုင်းဝန်းဟန့်တားခဲ့ကြသည့် တခြား နိုင်ကျဉ်းအမျိုးသမီး ၆ ဦးကိုလည်း ဝန်ထမ်းများက ထပ်မံရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု PPNM က ဖော်ပြထားသည်။
“ထောင်ဝန်ထမ်းအမျိုးသမီးတွေ ကိုယ်တိုင်က အဓိကပါဝင်ပြီး ရိုက်နှက်တာလို့ သိရတယ်။ အဲ့ဒီထဲမှာဆိုရင် အမျိုးသမီးကိစ္စနဲ့ ကျန်းမာရေးဖြစ်နေသူကိုပါ ဗိုက်တွေကိုကန်ပြီး အမျိုးသားအားတွေနဲ့ပါ ဝင်ရိုက်တာဆိုတော့ နာကျင်မှုဝေဒနာတော်တော်လေးခံခဲ့ရတယ်” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆိုသည်။
ရိုက်နှက်ခံရသည့် နိုင်ကျဉ်းအမျိုးသမီး (၇)ဦးတွင် ကျိုက်မရောထောင်မှ ပြောင်းရွှေ့လာသူ ၃ ဦး၊ အင်းစိန်ထောင်မှ ပြောင်းရွှေ့လာသူ (၂) ဦးနှင့် ဒိုက်ဦးထောင်မှ အမျိုးသမီး (၂) ဦးပါဝင်သည်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့- WOPP တာဝန်ရှိသူတစ်ဦးက အဆိုပါဖြစ်ရပ်နှင့်ပတ်သတ်ပြီး “အဲ့ဒီဝန်ထမ်းတွေရဲ့ ကိုယ်ပိုင်နံပါတ်တွေကို စုံစမ်းပြီး အရေးယူနိုင်အောင်ကြိုးစားသွားပါ့မယ်”ဟု ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ယင်းထောင်တွင် ထောင်ပြောင်းရွှေ့လာသူ နိုင်ကျဉ်းများကို တစ်ဦးလျှင် ပုံစံ ကြေး ၁ သိန်း ကောက်ခံနေပြီး မပေးသည့်သူများကို ခြေထောက်ဖြင့် ကန်ခြင်း၊ ရိုက်နှက်ခြင်းများနှင့် ညစ်ညမ်းစွာစော်ကားဆဲဆိုခြင်း ပါပြုလုပ်နေသည်ဟု PPNM ထုတ်ပြန်ချက်အရ သိရသည်။
ပုံစံ-အကျဉ်းဦးစီးဌာန ထောင်ဝန်ထမ်းများ။ ဓာတ်ပုံ-Myanmar Prisons Department