ဩဂုတ် ၂၀၊
သံလွင်ခက်
ထိုင်း၊ မြန်မာနယ်စပ်မြို့ဖြစ်သော ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် တရုတ်လူမျိုးများစွာ အခြေချနေထိုင်လာသည်ဟု ဒေသခံများက ပြောဆိုကြသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိသော ဘုရားသုံးဆူမြို့သည် ကရင်လက်နက်ကိုင်အစုအဖွဲ့များဖြစ်သော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)လှုပ်ရှားမှုနယ်မြေဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်လက်နက်ကိုင်အဖွဲ့အချို့သွားလာလေ့ရှိသော ဒေသဖြစ်သည်။
“များလာတာကတော့ ဘယ်နေရာသွားသွား တရုတ်တွေ မတွေ့ရတာမရှိတော့ဘူး။ ခုနောက်ပိုင်းဆိုရင် ဆိုင်တွေဖွင့်လာတာရှိတယ်။ မြေတွေဝယ်လာ ကြတာရှိတယ်။ ကားတွေနဲ့ပါသွားလာကြတာများလာတော့ အခုဆိုရင် သူတို့စီးကြတဲ့ MG ကားအရောင်းပြခန်းတောင် ဒီမြို့မှာ ဖွင့်လာကြတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ယခင်က ထိုင်းဘတ်ငွေ လေးထောင် ပေးရလေ့ရှိသော ဆိုင်ခန်းငှားရမ်းခများမှာ ယခုအချိန်တွင် ဘတ် တစ်သောင်းခွဲဝန်းကျင်အထိ နှစ်ရှည်စာချုပ်ချုပ်ကာငှားရမ်းလာခြင်းများရှိခဲ့သည်ဟုဆိုသည်။
ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တွင်းရှိ အွန်လိုင်းငွေလိမ်ခြင်း ကျားဖြန့်လုပ်ငန်းများကို စုံစမ်းဖော်ထုတ်နေသည်ဟု သတင်းထွက်ပေါ်မှုများနောက်ပိုင်းတွင် ပိုမိုရောက်ရှိလာသည်ဟု ဒေသတွင်းလူမှုကူညီရေးလုပ်ဆောင်နေသော စောထွန်းထွန်း(အမည်လွှဲ)က ပြောသည်။
“ခုက သူတို့တွေ(တရုတ်)တွေများလာတော့ မြို့မှာ အိမ်ငှားခ၊ မြေအရောင်းအဝယ်တွေကစ ဈေးတွေ တက်လာတယ်။ မပေါက်တဲ့ ဈေးတွေအထိ ပေးဝယ်လာကြတော့ ခုလိုအခက်ကြုံနေတဲ့ကာလမှာ ရောင်းကြတာတွေရှိလာတယ်။ မြေ၊ အိမ်အရောင်းအဝယ်ကို ဥပဒေစိုးမိုးမှုကလည်း သေချာမရှိတော့ ဘယ်လိုအချိတ်အဆက်နဲ့ ဝယ်နေကြလဲဆိုတာကို သေချာမသိဘူး” ဟု စောထွန်းထွန်းကဆိုသည်။
ဘုရားသုံးဆူမြို့တွင် အိမ်ခြေ၂၂၀၀ နီးပါးရှိပြီး လူဦးရေ ၁၅၀၀၀ ဝန်းကျင်နေထိုင်သည်ဟု ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ထားသော ကြာအင်းဆိပ်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ဘုရားသုံးဆူမြို့၌ တရုတ်လူမျိုးများအနေဖြင့် အဝတ်အထည်ဆိုင်၊ ဟော့ပေါ့ဆိုင်နှင့် အခြားလုပ်ငန်းများလုပ်ဆောင်ရန်ပြင်ဆင်နေကြသည်ဟု ဒေသခံအများစုက ပြောဆိုထားသည်။
ဓါတ်ပုံ – CJ