သံလွင်ခက်
ဩဂုတ် ၂၀၊၂၀၂၄။
တအာင်းပြည်နှင့် တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် မြို့များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု (၁၁)ကြိမ်ခန့် ပြုလုပ်ခဲ့သည်ဟု တအာင်းအရပ်ဘက်အဖွဲ့အစည်းများ ထုတ်ပြန်ချက်အရသိရသည်။
ဇူလိုင်နှင့် ဩဂုတ်လအတွင်း စစ်ကောင်စီက အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာ၊မြို့နယ်များအတွင်းသို့ လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ (၇)ဦးသေဆုံးပြီး၊(၃၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် ပြည်သူပိုင်နေအိမ်များ၊စာသင်ကျောင်း၊မြို့မဈေး၊ဆေးရုံ၊လျှပ်စစ်ဓာတ်အားပေးစက်ရုံ တို့ ထိခိုက်ပျက်စီးခဲ့သည်။
၁၀၂၇ ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် မြို့နယ်အများအပြားဆုံးရှုံးခဲ့သည့် စစ်ကောင်စီသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAနှင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားနိုင်သည့် မြို့ရွာများကို စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းဖြစ်သည်။
စစ်ကောင်စီသည် ရှမ်းမြောက်ဒေသအတွင်းသာမက မြန်မာနိုင်ငံအနှံ့တွင် လေကြောင်းအသုံးပြု တိုက်ခိုက်နေသော စစ်ကောင်စီကို နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဖိအားပေးဆောင်ရွက်ရန် တအာင်းအရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းထားသည်။