ယမင်းဖူးပွင့်အောင်
ဩဂုတ် ၁၉၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေသဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ ရွာဝန်းကျင်မှ ဒေသခံထောင်ချီ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု စစ်ရှောင်ကူညီသူတစ်ချို့ထံက သိရသည်။
ဒီပဲယင်းမြို့နှင့် နှစ်မိုင်ကျော်အကွာရှိ အောင်ချမ်းသာကျေးရွာ၊ မစိုးရိမ်ကျေးရွာ၊ ပျော်ဘွယ်ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာခန့်မှ ဒေသခံ ၅,၀၀၀ ကျော်သည် လတ်တလောတွင် တိမ်းရှောင်နေရသည်ဟု စစ်ရှောင်ကူညီသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“တိုက်ပွဲနဲ့ဆိုတော့ လက်နက်ကြီးကျမှာကြောက်လို့ရယ်၊ ဝေဟင်ပစ်တဲ့အခါ ထိခိုက်မှာကြောက်လို့မို့ ရှောင်ကြတဲ့ သဘောပေါ့။ လွတ်ကင်းမယ်ထင်တဲ့ ရွာတွေနဲ့ တောထဲတို့ အမျိုးမျိုးရှောင်ကြတယ်” ဟု ၎င်းက ပြောသည်။
မိုးတွင်းကာလဖြစ်သည့်အတွက် စစ်ရှောင်များခိုလှုံနေထိုင်စရာ အခက်အခဲရှိနေသည်ဟု ၎င်းကဆက်ပြောသည်။
“မိုးတွင်းဆိုတော့ အနေအထိုင်ခက်ခဲတယ်။ အစားအသောက်ကတော့ ကျေးရွာမှာရှိတဲ့လူတွေက ကူညီပေးတာတို့၊ တစ်ချို့လည်း သူတို့ကိုယ်တိုင်သယ်လာတဲ့ ရိက္ခာလေးနဲ့ ရပ်တည်နေတာတွေ့ရတယ်” ဟုပြောသည်။
ယမန်နေ့နံနက်အစောပိုင်းတွင် ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီ၏လေကြောင်းစစ်ကူများကြောင့်ပြန်လည်ဆုတ်ခွာခဲ့သည်။