ထွယ်
ဩဂုတ် ၁၉၊ ၂၀၂၄။
ကချင်- စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်၊ နဘားမြို့က စစ်ကောင်စီကာကင်းစခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော်- KIA နှင့် ပူးပေါင်းတပ်က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်မှ စတင်၍ အင်အား ၈၀ ခန့်ရှိသည့် အဆိုပါတပ်စခန်းကို KIA နှင့်ပူးပေါင်းတပ်မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၇ ရက် ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“စစ်သုံ့ပန်း မရဘူး။ အသေတော့ တစ်ယောက်ရတယ်။ လေယာဥ်လာကြဲတဲ့ချိန် ကျွန်းတောကြားကတစ်ဆင့် ဒဏ်ရာ ရတွေကို ဆွဲခေါ် ပြီး ဆုတ်သွားတာ” ဟု ရှေ့တန်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
နဘားမြို့သည် ရွှေဘို- မြစ်ကြီးနား ကားလမ်းမပေါ်တွင် တည်ရှိပြီး အင်းတော်မြို့နှင့် ၅ မိုင်ကျော်ခန့်အကွာတွင် တည် ရှိသည့် မြို့ဖြစ်သည်။ ယင်းနဘားကာကင်းသည် အင်းတော်မြို့ကိုစစ်ရေးလမ်းကြောင်း ကာထားသည့် အရေးပါသည့် တပ်စခန်းဖြစ်သည်။
ယင်းကာကင်းစခန်းမှ စွန့်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်းတော်မြို့ရှိတပ်စခန်းကုန်းသို့ သွားရောက်ပူးပေါင်းသွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“တိုက်ပွဲကမပြီးသေးဘူး။ အင်းတော်က တပ်မကုန်းမရသေး။ နဘားကာကင်း စခန်းက ရပြီ။ စစ်ကောင်စီတွေက ဆုတ်ပြေးပြီး အင်းတော်ဘက် ပူးပေါင်းနေတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်က စတင်၍ KIA နှင့် ပူးပေါင်းတပ်သည် အဆိုပါစစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သည်လည်း ၎င်းတို့ နဘားတပ်စခန်းနှင့် အင်းတော်တပ်စခန်းကို လက်မလွှတ်ရစေရေးအတွက် လေကြောင်းဖြင့် ပြင်းပြင်းထန်ထန်ခံခုလျက်ရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦး “ကျွန်တော်က မနေ့ကမှ တိုက်ပွဲကြားက ပြေးလာတာ။ ပြည်သူတွေတော့ အကုန် ကားနဲ့ ခေါ်ထုတ်ပြီးပြီ၊ ခေါ်ထုတ်နေတုန်း လေယာဉ်ပျံတွေနဲ့ (ဗုံး) ကြဲလို့ အဆောက်အဦးတွေလည်း ပျက်စီးကုန်တယ်” ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံပြည်သူများလည်း တိုက်ပွဲတိမ်းရှောင်လျက်ရှိသည်ဟု သိရသည်။
ပုံစာ – တိုက်ခိုက်သိမ်းပိုက်ထားသည့် နဘား ကာကင်းစခန်း။ ပုံ – ပေးပို့