ယမင်းဖူးပွင့်အောင်
ဩဂုတ် ၁၉၊ ၂၀၂၄။
တနင်္သာရီတိုင်၊ လောင်းလုံမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်လာခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့တွင် ပျူစောထီးအဖွဲ့ဝင် ဦးလှမျိုးသည် နွေဦးပြောက်ကျားတပ်ဖွဲ့- Nway Oo Guerrilla Force ထံ AK သေနတ်တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ကျည် ၁၁၀၊ လက်ပစ်ဗုံးသုံးလုံးတို့နှင့်အတူ ဆက်သွယ်ဝင် ရောက်လာခြင်းဖြစ်သည်ဟု နွေဦးပြောက်ကျားတပ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။
ဦးလှမျိုးသည် ပျူစောထီးအဖွဲ့ဝင်အဖြစ်ဆောင်ရွက်နေသည်မှာ သုံးနှစ်နီးပါးရှိပြီး ပြည်သူဘက်မှရပ်တည်ချင်သည်ဟု ဆိုကာ ဆက်သွယ်လာခြင်းဖြစ်သည်ဟု နွေဦးပြောက်ကျားတပ်ဖွဲ့တပ်ရေးတာဝန်ခံက သံလွင်ခက်ကို ပြောသည်။
“အဖွဲ့ဝင်ဖြစ်တာ သုံးနှစ်နီးပါးရှိပြီလို့သိရပြီး သူ့ရဲ့အလုပ်က ထမင်းချက်တာနဲ့ စကစတွေနဲ့ရောနှောပြီး ကင်းစောင့်တာ မျိုး၊ ပျူသီးသန့်ကင်းစောင့်တာမျိုးတွေလည်းရှိတယ်လို့ သိရတယ်” ဟုဆိုသည်။
လက်ရှိအချိန်တွင် နွေဦးပြောက်ကျားတပ်ဖွဲ့က ဦးလှမျိုးနှင့် မိသားစုကို ဂုဏ်ပြုဆုငွေ ၄၅ သိန်းကျပ်ချီးမြှင့်ကာ ဘေး ကင်းလုံခြုံရာသို့ပို့ဆောင်ပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဓာတ်ပုံ-Nway Oo Guerrilla Force