(မြို့ရရှိရေး ထိုးစစ်ဆင်ရန် စစ်ကောင်စီမှ အင်အားဖြည့်တင်းနေ)
ခင်သရဖီဦး
ဩဂုတ် ၁၇၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့ကို AA က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်များကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ခရစ်ယာန်အသင်းအုပ်ဆရာတော်တစ်ပါးအပါအဝင် ဒေသခံ ၁၁ ဦးသေဆုံးသွားခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက် နေ့လည်ပိုင်းတွင် အမှတ် (၂) ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကျိန္တလီဆိပ်ကမ်းမှ စစ်ကောင်စီရေတပ်ကလည်း မြို့ထဲနှင့် ရတနာမြိုင် (ကုလားပြင်) ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်။
“တိုက်ပွဲက ဖြစ်တုန်းပဲ။ စစ်တပ်က အနီးအနားက ရွာတွေ ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေလည်းရှိတယ်။ ကျိန္တလီမြို့ထဲကိုလည်း နေဗီကနေ လှမ်းပစ်တယ်” ဟု ကျိန္တလီဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်မှ ဧရာဝတီတိုင်းဘက်မှ တင့်ကားနှစ်စီးအပါအဝင် စစ်ကူအင်အားတစ်ချို့ကို ထပ်မံဖြည့်တင်းနေပြီး မြို့ကိုပြန်လည်ထိုးစစ်ဆင်လာမည့် အခြေအနေရှိနေသည်ဟု AA နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“အခုက ဧရာဝတီဖက်ကလည်း ကားတွေနဲ့ အင်းအားထပ်ဖြည့်နေတာတွေရှိတယ်။ (AA က) ကျိန္တလီကို သိမ်းထားတော့ ပြန်ပြီးတော့မှ ထိုးစစ်ဆင်ဖို့ အခြေအနေရှိတယ်။ ရတနာမြိုင်ကနေပြီးတော့ လက်နက်ကြီးက နေ့တိုင်းတော့ လှမ်းထုနေတာပေါ့” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၁၅ ရက်တွင် ကျိန္တလီမြို့ကို AA က သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲများဆက်လက်ပြင်းထန်နေကာ စစ်ကောင်စီမှ လေကြောင်း၊ ရေတပ်တို့ဖြင့် အပြင်းအထန်ခုခံလျက်ရှိသည်။