ခင်သရဖီဦး
ဩဂုတ် ၁၆၊ ၂၀၂၄။
ဧရာဝတီတိုင်းရှိမြို့နယ်တချို့တွင် စစ်ရှောင်နေသည့် ရခိုင်စစ်ဘေးရှောင်များအား ဧည့်စာရင်းမတိုင်ကြားသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများရှိနေသည်ဟု စစ်ရှောင်များထံက သိရသည်။
ပြီးခဲ့သည့် မတ်လမှစတင်ကာ ရခိုင်ပြည်တောင်ပိုင်းတွင် အာရက္ခတပ်တော်- AA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက် သံတွဲနှင့်ဂွမြို့နယ်မှ ဒေသခံအများစုမှာ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် အဓိကစစ် ရှောင်နေကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လဒုတိယပတ်တွင် ကျုံပျော်မြို့နယ်တွင် စစ်ရှောင်နေသည့် သံတွဲဒေသခံ ၃၀ ကျော် စစ်ဆေးဖမ်းစီးခံခဲ့ရသည်ဟု နီးစပ်သူများထံက သိရသည်။
“ဧည့်စာရင်းမတိုင်တာတွေနဲ့ပတ်သတ်ပြီး ဖမ်းဆီးခံရတာတွေလည်းရှိနေတယ်လို့ သိရတယ်။ ဒီဖက်မှာက နေ့တိုင်းလာ စစ်တာတော့ရှိတယ်။ စိုးရိမ်းမှုတော့ရှိတာပေါ့။ ကျွန်တော်တို့က စစ်ရှောင်နေတာကို အဲဒီလိုမျိုးစစ်ဆေးတာတွေက တော့ မဖြစ်သင့်ပါဘူး” ဟု ငသိုင်းချောင်းမြို့နယ်တွင် စစ်ရှောင်နေသည့် ဂွဒေသခံတစ်ဦးက ဆိုသည်။
လတ်ရှိတွင် ရခိုင်-ဧရာဝတီ အဝေးပြေးကားလမ်းမဖြစ်သည့် ဂွ-ငသိုင်းချောင်းကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီမှ စစ်ဆေးရေးဂိတ်များ အဆင့်ဆင့်ဖြင့် လုံခြုံရေးတင်းကြပ်ထားလျက်ရှိကာ ခရီးသည်များကို စစ်ဆေးမှုများပြုလုပ်နေပြီး တချို့နေရာများတွင် ငွေကြေးအဓမ္မတောင်းခံမှုများလည်းရှိနေသည်ဟု သံတွဲဒေသခံတစ်ဦးကဆိုသည်။
“လာတဲ့ လမ်းမှာက ၇ ခေါက်လောက် စစ်ဆေးတာခံရတယ်။ သူတို့က တအားမေးမြန်းတာတွေရှိတယ်။ တချို့ဂိတ်တွေမှာက လူတစ်ယောက်ချင်းစီအတွက် ဒဏ်ငွေပေးဆောင်ရတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
ဂွ၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်များမှ ဒေသခံအများစုသည် ဧရာဝတီတိုင်းက ကျုံပျော်၊ ငသိုင်းချောင်းနှင့် ငပုတောစသည့်မြို့နယ်များတွင် အဓိကစစ်ရှောင်နေကြခြင်းဖြစ်ကာ အိမ်ငှားခဈေးနှုန်းများလည်းမြင့်တက်နေဖြင့် အခက်အခဲ များနှင့် ရင်ဆိုင်နေကြရသည်။