သံလွင်ခက်
ဩဂုတ် ၁၅ ၊ ၂၀၂၄။
ရှမ်းတောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သော လက်နက်ကြီးသည် တောင်ယာသွားသည့် သားမိနှစ်ဦးအားထိမှန်ခဲ့ပြီး မိခင်ဖြစ်သူ နေရာမှာပင်သေဆုံးခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PNLA က ယနေ့၌ ထုတ်ပြန်သည်။
ယမန့်နေ့ မနက် ၁၀ နာရီတွင် ဆီဆိုင်မြို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်သည် တိုက်ပွဲဖြစ် ပွားခြင်းမှမရှိဘဲ ဆီဆိုင်မြို့နယ် အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများသို့ လက်နက်ကြီး အကြိမ် ၄၀ ကျော်ပစ်ခတ်ခဲ့သည်။
ယင်းသို့ ပစ်ခတ်သည့် လက်နက်ကြီးများအနက် ပန်အောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ၁ လုံး ကျရောက်ပေါက်ကွဲရာ တောင်ယာသွားနေသည့် ပအိုဝ်းသားအမိ ၂ ဦးကို ထိမှန်ခဲ့ပြီး အသက် ၄၀ အရွယ် မိခင်ဖြစ်သူ မွိုးစွန် အသက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု PNLA ကထုတ်ပြန်ထားသည်။
PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “သားမိနှစ်ဦးတောင်ရွာသွားနေချိန်မှာပဲ ထိသွားတာ။ မိခင်ပြည်သူကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတယ်။ ကလေးကိုတော့ ကျွန်တော်တို့တပ်ဖွဲ့က သွားရောက်ပြီးတော့ ကယ်တင်ခဲ့တယ်။ ဒါပေမယ့် ဒဏ်ရာကလည်းတော်တော်ပြင်းထန်ပြီးတော့ စိုးရိမ်နေရတဲ့ အခြေအနေဖြစ်ပါတယ်” ဟု ဆိုသည်။
ထိုသို့ လက်နက်ကြီးကျရောပေါက်ကွဲသည့် ပန်အောင်ကျေးရွာသည် တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာလည်းမဟုတ်ဘဲ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ကကျေးရွာများဒေသခံ ပြည်သူလူထုများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု PNLA က ထုတ်ပြန်ထားသည်။
ပုံစာ – လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်။