သံလွင်ခက်။
ဩဂုတ် ၁၅ ၊ ၂၀၂၄။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သားလမ်းရှိ ခြံအမှတ် ၅၄ နေအိမ်ကို ဒုတိယအကြိမ် လေလံတင်ရောင်းချမှု မအောင်မြင်ခဲ့ဟု လေလံတင်ရောင်းချပွဲသို့ သွားရောက်ခဲ့သူများထံက သိရသည်။
လေလံတင်ရောင်းချမှုကို ယနေ့ ဩဂုတ် ၁၅ ရက်တွင် ခြံအမှတ် ၅၄ နေအိမ်ရှေ့၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြမ်းခင်းစျေး ကျပ်ငွေ ဘီလီယံ ၃၀၀ဖြင့် လေလံတင် ရောင်းချခဲ့သော်လည်း ဝယ်ယူသူမရှိသည့်အတွက် လေလံတင်ရောင်းချမှု မအောင်မြင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယခုလေလံတင်ရောင်းချခြင်းသည်ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကို မတ်လ ၂၀ ရက်တွင် ပြုလုပ်ခဲ့သော် ယခုကဲ့သို့ပင်ဝယ်ယူတစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။
ပိုင်ဆိုင်မှုအမွေများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား ကာလရှည်ကြာ အငြင်းပွားခဲ့ပြီး ဦးအောင်ဆန်းဦး က ၂၀၀၁ ခုနှစ်ကတည်းက အမှုဖွင့်တရားစွဲဆိုခဲ့ရာ တရားရုံးက ၂ ထပ် အိမ်ပါသည့်အခြမ်းကို ဒေါ်အောင်ဆန်းစုကြည်က ယူရန်နှင့် ကျန် ၁ ခြမ်းကို ဦးအောင်ဆန်းဦးက ယူရန်အမိန့်ချမှတ်ခဲ့သည်။
အဆိုပါ အမိန့်ကို မကျေနပ်သည့်အတွက် ဦးအောင်ဆန်းဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအထိအယူခံအဆင့်ဆင့်တက်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။
ထို့နောက် အမွေခွဲဝေပေးရန်ကိစ္စရပ်နှင့် ပတ်သက်ပြီး ဦးအောင်ဆန်းဦး က ၂၀၂၂ ခုနှစ်တွင် အထူးအယူခံတက်ခဲ့ကာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခွင့်ပြုပေးခဲ့ပြီးနောက် ယခုကဲ့သို့ လေလံတင်ရောင်းချမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG က အဆိုပါနေအိမ်အား အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ပြီး ရောင်းချ၊ ဖျက်ဆီး၊ ပြင်ဆင် ပြောင်းလဲအသုံးချခြင်းတို့အား တင်းကြပ်စွာတားမြစ်ကာ ဖောက်ဖျက် ကျူးလွန်ပါက ဥပဒေအရအရေးယူမည်ဟု ထုတ်ပြန်ထားသည်။