သံလွင်ခက်
ဩဂုတ် ၁၂ ၊ ၂၀၂၄။
ပြည်သူတရပ်လုံး၏ဆန့်ကျင်မှုများကြောင့် စစ်အာဏာရှင်ချုပ်ငြိမ်းကွယ်ပျောက်တော့မည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။
ယနေ့ ဩဂုတ်လ ၁၂ ရက်တွင် ကျရောက်သည့် ၇၄ နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သောသဝဏ်လွှာ၌ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်တပ်သည် ၁၉၆၂ ခုနှစ်ကစပြီး တိုင်းပြည်အာဏာကို လုယူသိမ်းပိုက်ခဲ့ပြီး ပြည်သူတရပ်လုံး၊ လူမျိုးအားလုံးက နည်းလမ်းအမျိုးမျိုးဖြင့် ဆန့်ကျင်ခဲ့ကြသည်။
တိုင်းပြည်အာဏာကို အဓမ္မလုယူသိမ်းပိုက်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ပိုင်းမှာလည်း တနိုင်ငံလုံးက ပြည်သူတရပ်လုံး၊ လူမျိုးအားလုံးသည် နိုင်ငံရေးနည်းလမ်း ၊ စစ်ရေးနည်းလမ်းများဖြင့် ဆန့်ကျင်တိုက်ပွဲဝင်နေကြပြီး အဆိုပါ ဆန့်ကျင်မှုများက အရှိန်အဟုန်ပြင်းလွန်းသည့်အတွက် စစ်အုပ်စုသည် ထိန်းမနိုင်တော့သည့် အခြေအနေကိုရောက်ရှိ နေကာ စစ်အာဏာရှင် ချုပ်ငြိမ်းပျောက်ကွယ်တော့မည် အခြေအနေဖြစ်သည်ဟု ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။
“တိုင်းပြည်အာဏာကို အဓမ္မလုယူသိမ်းပိုက်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှာ ဆိုလို့ရှိရင်လည်း တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအားလုံး၊ လူမျိုးတွေအားလုံးက နိုင်ငံရေးနည်းလမ်း၊ စစ်ရေးနည်းလမ်းနဲ့ ဆန့်ကျင်တိုက်ပွဲဝင်နေကြတာဖြစ်တယ်။ ဒီဆန့်ကျင်မှုတွေဟာ အရှိန်အဟုန်ပြင်းထန်လွန်းလို့ စစ်အုပ်စုဟာ မထိန်းနိုင်တော့တဲ့ အခြေအနေကို ရောက်နေပါတယ်။ စစ်အာဏာရှင် ချုပ်ငြိမ်းကွယ်ပျောက်တော့မယ် အခြေအနေလည်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် မဟာလူမျိုးကြီးဝါဒ အာဏာရှင်စနစ် ပြိုလဲဆုံးခန်းတိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများ၊ နိုင်ငံရေးပါတီ များ၊ အဆိုပါ ဝါဒကိုဆန့်ကျင်သည့် အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်ဟု KNU ဥက္ကဋ္ဌက ပြောဆိုထားသည်။
Photo – KNU