သဇင်
ဩဂုတ် ၁၁၊ ၂၀၂၄။
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ဇရပ်ကြီးမြို့တွင် စစ်ကောင်စီတပ်၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ဘေးရှောင်ကူညီသူထံမှသိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၀ ရက် ညပိုင်းက စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ဇရပ်ကြီးမြို့ပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူထိခိုက်သေဆုံးမှုရှိခဲ့ခြင်းဖြစ်သည်။
စစ်ဘေးရှောင်အရေးကူညီသူတစ်ဦးက “ဇရပ်ကြီး ကင်မွန်းချုံဈေးရှမ်းစုပိုင်း ပြည်သူသုံးယောက် စကစ လက်နက်ကြီးကျည် ထိခိုက်သေဆုံးမှုရှိတယ်။ ခြေထောက်ထိခိုက်တဲ့ အဖွားကတော့ တောင်ငူဆေးရုံကြီးရောက်လာပါပြီ” ဟုဆိုသည်။
ထို့အပြင် စစ်ကောင်စီနှင့် PDF နှစ်ဘက်အကြား ပြီးခဲ့သည့် သြဂုတ် ၉ ရက်နေ့မှစပြီးတိုက်ပွဲများ မြို့ပေါ်အထိပျံ့နှံ့လာပြီး မြို့ပေါ်နေဒေသခံများလည်း ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရပြီး စစ်ဘေးရှောင် ၁,၀၀၀ ဝန်းကျင်အထိရှိလာသည်ဟု စစ်ရေးနီးစပ်သူထံမှသိရသည်။
တောင်ငူ ပ.က.ဖ တာဝန်ခံက “နှစ်ဘက်စစ်ရေးဆိုင်တာ ၉ ရက်နေ့ထဲက စစ်ကဆိုင်နေကြတယ်။ ၁၀ ရက်ညမှာ တိုက်ပွဲစဖြစ်တယ်။ တိုက်ပွဲက မြို့ပေါ်ထိကို ပျံ့နှံ့လာတာလို့ မြို့မှာရှိတဲ့သူတွေက တောင်ငူဘက်ကို စစ်ရှောင်နေကြတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ဇရပ်ကြီးမြို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ၊ လေကြောင်းပစ်ကူများ ကြောင့် ကလေးအပါအဝင် အရပ်သား ၈ ယောက် သေဆုံးခဲ့သည်။
Photo – Credit