ယမင်းဖူးပွင့်အောင်
ဩဂုတ် ၄၊ ၂၀၂၄။
လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်-MNDAA၊ တအာင်းတပ်မတော်နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့ဝင်များမှ သိမ်းပိုက်နိုင်ခဲ့သည့်အတွက် KNU၊ KNPP၊ CNF ညီနောင်တော်လှန်ရေးအဖွဲ့အစည်းများက အားရဝမ်းမြောက် ဂုဏ်ယူကြောင်း ထုတ်ပြန်လိုက်သည်။
ရမခ တိုင်းစစ်ဌာနချုပ်ကို ယမန်နေ့မနက်ပိုင်းတွင် ကိုးကန့်တပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး အလံလွှင့်ထူထားသည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
ယခုအောင်ပွဲသည် စစ်ကောင်စီပြိုလဲရေးအတွက် မှတ်တိုင်တစ်ခုအဖြစ် အရေးပါပြီး စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို ဖယ်ရှားကာ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး ဟန်ချက်ညီတဲ့လုပ်ငန်းစဉ်နှင့် ပြည်သူလူထုလိုလား တောင်းတနေသည့် စနစ်သစ်ပြုပြင်ပြောင်းလဲရေး အတူတိုက်ပွဲဝင်ကြသွားကြမည်ဟု
KNU၊ KNPP၊ CNF တို့က ဆိုသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် အောင်မြင်မှုများ ဆက်လက်ရရှိရေး ဆန္ဒပြုထားပြီး KNU၊ KNPP၊ CNF တို့အနေဖြင့်လည်း ဟန်ချက်ညီစွာဖြင့် အာဏာသိမ်းစစ်တပ်ပြိုလဲသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဌိဓာန်ပြုပါကြောင်း အသိပေးထားသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် တအာင်းတပ်မတော် (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ ဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များလည်း ပါဝင်တိုက်ခိုက်နေပြီး နောင်ချို၊ စဉ့်ကူး၊ မိုးကုတ်၊ မိုးမိတ်မြို့၄မြို့ကို သိမ်းပိုက်ထားနိုင်သည်။
လက်ရှိအချိန်တွင် တော်လှန်ရေးတပ်များက နိုင်ငံအနှံ့ မြို့ပေါင်း ၇၀ ကျော်ကို ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်သည်။